ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ မနက်ဖြန်ညမှာ လီဗာပူးနဲ့ ယှဉ်ပြိုင် ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို “ဖလားရရမယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားသွားမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၅၁နှစ် အရွယ် အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ၂နှစ်စာချုပ်နဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယခုချိန်အထိ ချယ်လ်ဆီးအတွက် အကောင်းဆုံးလူစာရင်းနဲ့ ကစားကွက် တခုကို မချပြနိုင်သေးပေမယ့် ချယ်လ်ဆီးကို ကာရာဘောင်းဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။

Photo Credit: The Sun

ကာရာဘောင်း ဗိုလ်လုပွဲမှာတော့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ဒီရာသီမှာ ခြေစွမ်းကောင်းနေတဲ့ ယာဂင် ကလော့ပ်ရဲ့ လီဗာပူးနဲ့ ရင်ဆိုင် တွေ့နေပြီး ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဗိုလ်လုပွဲကို မနက်ဖြန်ည ၉နာရီခွဲမှာ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုမှာ လီဗာပူးက ချယ်လ်ဆီးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူထားတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ကာရာဘောင်းဗိုလ်လုပွဲမှာလည်း လီဗာပူးကသာ အောင်ပွဲဆင်သွားလိမ့်မယ်လို့ သုံးသပ်နေကြပေမယ့် ပိုချက်တီနိုကတော့ သူတို့အသင်းဟာ ကာရာဘောင်းဖလားကို ရအောင် ယူမယ်လို့ ဆိုလာပါတယ်။

Photo Credit: Goal

ပိုချက်တီနိုက – “ဒီပွဲက ကျွန်တော်တို့အတွက် အဓိပ္ပါယ် အများကြီး ရှိတဲ့ ပွဲစဉ်ပါ။ ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေက အသင်းကို ဗိုလ်လုပွဲဆီ ရောက်အောင် ၊ ဗိုလ်လုပွဲမှာ ကျွန်တော်တို့ရဲ့ ပထမဦးဆုံး ဆုဖလားကို သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကာရာဘောင်း ဆုဖလားကို သိမ်းပိုက်နိုင်ဖို့က ကျွန်တော်တို့ရဲ့ အိမ်မက်ပါပဲ။ ကျွန်တော်တို့က ကာရာဘောင်းဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့မှာ ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ မိနစ် ၉၀ ရှိပါတယ်။ ကျွန်တော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားပါမယ်။ ကျွန်တော်တို့က အဆင်သင့်ပါပဲ။ ဗိုလ်လုပွဲ ဆိုတာ ကစားဖို့ သက်သက် မဟုတ်ပါဘူး။ ဗိုလ်လုပွဲ ဆိုတာ အနိုင်ယူရမယ့်ပွဲပါ။ ကျွန်တော်ကတော့ အနိုင်ယူဖို့ပဲ အာရုံစိုက်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၈ပွဲမှာ ချယ်လ်ဆီးက လီဗာပူးကို တပွဲမှ အနိုင်မရထားတာကြောင့် ဒီတကြိမ်မှာလည်း လီဗာပူးကပဲ အသာစီး ရယူသွားနိုင်ချေ များပေမယ့် ဗိုလ်လုပွဲမှာ ဘာမဆို ဖြစ်နိုင်ချေ ရှိတာကြောင့် ချယ်လ်ဆီးကလည်း ဗိုလ်စွဲနိုင်ချေ ရှိနေပါတယ်။