ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခဲ့ပေမယ့် ကစားပုံတော့ ကောင်းခဲ့ပါတယ်လို့ ဆင်ခြေပေးလာခဲ့ပါတယ်။

အာဂျင်တီးနား ထိပ်သီးနည်းပြ ပိုချက်တီနိုက ၂၀၂၃ခုနှစ် ဇူလိုင်လမှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပေမယ့် ကာရာဘောင်းပြိုင်ပွဲမှာတော့ ရလဒ်တွေ တောက်လျှောက် ကောင်းနေပါတယ်။

Photo Credit: Times Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးက ကာရာဘောင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးက ဆီမီးဖိုင်နယ်မှာ စပါးနဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ် ဦးဆောင်နေတဲ့ မစ်ဒယ်ဘရော့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာတော့ မစ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီးတို့က ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် မစ်ဒယ်ဘရော့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ကာ အိမ်ရှင် မစ်ဒယ်ဘရော့က ကွင်းလယ်တိုက်စစ် ကစားသမား ဟက်ဂ်နေရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Live Scores

မစ်ဒယ်ဘရော့ ၁-၀ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ဒီနေ့ပွဲမှာ သူတို့ရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့ပြီး တဦးချင်း အမှားတွေကြောင့်သာ ရှုံးနိမ့်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒုတိယအကျော့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့က တဦးချင်း အမှားတွေကြောင့်သာ အခုလို အပြစ်ပေးခံခဲ့ရတာပါ။ ကစားပုံချင်းသာ ယှဉ်ကြည့်မယ် ဆိုရင် ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ဂိုးတွေ မသွင်းနိုင်ခဲ့သလို ဂိုးရှေ့မှာ တိကျ သေချာတဲ့ အဆုံးသတ်တွေကို မပြနိုင်ခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့က ဖူလ်ဟမ်နဲ့ပွဲ အတွက် ပြင်ဆင်ပြီး ဒုတိယအကျော့ အတွက် အာရုံစိုက်ရပါတော့မယ်။ ဒီပွဲကို ရှုံးနိမ့်ခဲ့ရတဲ့ အတွက် စိတ်ပျက်မိပေမယ့် ကျွန်တော်တို့က စတမ်းဖို့ဒ် ဘရေ့ချ်မှာ နောက်ထပ် မိနစ် ၉၀ ကစားရပါဦးမယ်။ ကျွန်တော်တို့က ဒုတိယအကျော့မှာ ရလဒ်ပိုင်းကို ပြောင်းလဲသွားအောင် လုပ်နိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။