ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုကတော့ ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ရွှေဘောလုံးဆုကို ရချင်ရင် ပီအက်စ်ဂျီကနေ ထွက်ခွာရန် လိုအပ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူ တဦး ဖြစ်သလို သူ့ရဲ့ အသက်အရွယ် ၊ ခြေစွမ်းနဲ့ ပါရမီကြောင့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Daily Star

အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ အမ်ဘာပေကသာ ပီအက်စ်ဂျီမှာ ဆက်ကစားနေရင် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ မလွယ်ကူပဲ အမ်ဘာပေဟာ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ပြင်သစ်မြေထက် စိန်ခေါ်မှု ပြင်းထန်တဲ့ ဘောလုံးလိဂ်တွေဆီ သွားကစားဖို့ လိုအပ်ကြောင်း ထောက်ပြထားကြပါတယ်။

ပီအက်စ်ဂျီရဲ့ နည်းပြဟောင်းလည်းဖြစ် ၊ အမ်ဘာပေရဲ့ ဆရာဟောင်းလည်း ဖြစ်တဲ့ ပိုချက်တီနိုကလည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ အမြင်ကို ထောက်ခံသွားခဲ့ပြီး ပိုချက်တီနိုက အမ်ဘာပေဟာ သူ့ရဲ့ Comfort Zone ဖြစ်နေတဲ့ ပီအက်စ်ဂျီ ကနေ ထွက်ခွာကာ အခက်အခဲတွေနဲ့ ရင်ဆိုင်မှသာ ရွှေဘောလုံးဆုကို ရယူနိုင်တဲ့ အဆင့်ဆီ ရောက်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit: Daily Star

ပိုချက်တီနိုက – “လူတိုင်းက အမ်ဘာပေကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ ထင်နေတာကြောင့် သူက အသင်းရဲ့ ခေါင်းဆောင် တဦး ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ရွှေဘောလုံးဆုရှင်ဟာ အမ်ဘာပေနဲ့ နိုင်ငံတူ တိုက်စစ်မှူး ဖြစ်တဲ့ ကာရင် ဘန်ဇီမာပါ။ အမ်ဘာပေက သူ့ရဲ့ Comfort Zoneထဲ ကနေ ထွက်မှပဲ တိုးတက်မှုတွေ ရှိလာတော့မှာပါ။ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တာဟာ ပီအက်စ်ဂျီနဲ့ ပရိသတ်တွေ အတွက် သတင်းကောင်း တခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမ်ဘာပေအတွက် အဲ့ဒါက ကောင်းမွန်တဲ့ ရွေးချယ်မှု တခု မဟုတ်ပါဘူး။ သူက သူ့ရဲ့ Comfort Zoneထဲ ကနေ ထွက်မှပဲ ရွှေဘောလုံးဆုနဲ့ ပိုနီးစပ်လာမှာပါ” လို့ အမ်ဘာပေကို အကြံပေးသွားခဲ့တာပါ။