MySport Myanmar

လူကာကူကို အသင်းရဲ့ လူစာရင်းထဲ ပြန်ထည့်ကာ သုံးဖို့ စဉ်းစားနေတဲ့ ပိုချက်တီနို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူဟာ အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လူငယ်အသင်းဆီ သွားကာ လေ့ကျင့်ခန်း ဆင်းနေရတဲ့ တိုက်စစ်မှူး လူကာကူကို အနာဂတ်မှာ အသင်းဆီ ပြန်ခေါ်ကာ အသုံးပြုဖွယ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ၂၀၂၁ခုနှစ်မှာ အင်တာမီလန် ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ တကျော့ပြန် ရောက်ရှိလာသူ ဖြစ်ပေမယ့် သူဟာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂၀၂၂ခုနှစ်မှာ အင်တာမီလန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Goal

လူကာကူက ချယ်လ်ဆီးကနေ အင်တာမီလန်ဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားတဲ့ အချိန်မှာ ချယ်လ်ဆီးဆီ ဘယ်တော့မှ မပြန်တော့ဘူး ဆိုတဲ့ စကားမျိုးတွေ ပြောခဲ့တာကြောင့် သူနဲ့ ချယ်လ်ဆီးရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့ပြီး လူကာကူဟာ အင်တာမီလန်ဆီ အပြီးသတ် မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် သူ့ရဲ့ စကားလုံးတွေကြောင့် ချယ်လ်ဆီးရဲ့ အသင်းကြီးမှာ ပါဝင်ခွင့် မရတော့ပါဘူး။

လက်ရှိမှာတော့ လူကာကူက ချယ်လ်ဆီးရဲ့ လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းကာ အသင်းပြောင်းဖို့ ကြိုးစားနေပေမယ့် ချယ်လ်ဆီးက သူ့ကို အပြီးသတ် ရောင်းချဖို့သာ ဆုံးဖြတ်ထားတာကြောင့် သူ့အတွက် ရောက်လာတဲ့ အငှားကမ်းလှမ်းမှုတွေ အားလုံးကို ငြင်းဆန် ပယ်ချထားပါတယ်။

Photo Credit: Sky Sports

နွေဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ တဖြည်းဖြည်းနဲ့ နည်းပါးလာခဲ့ပြီး ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုကတော့ လက်ရှိမှာ လူကာကူရဲ့ အခြေအနေဟာ ပြောင်းလဲခြင်း မရှိသေးပေမယ့် အနာဂတ်မှာတော့ လူကာကူကို အသင်းဆီ ပြန်ခေါ်ကာ သုံးနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ပိုချက်တီနိုက – “အခုထိတော့ သူ့ရဲ့ အခြေအနေက ပြောင်းလဲတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဘောလုံးလောကမှာ အရာအားလုံး ပြောင်းလဲနိုင်ပါတယ်။ (လူကာကူက အသင်းရဲ့ လူစာရင်းထဲ ပြန်ရောက်လာတာမျိုးအား ရည်ရွယ်လျက်) အနာဂတ်မှာ ဘာတွေ ဖြစ်မလဲ ဆိုတာ မသိသေးပေမယ့် အခုချိန်ထိတော့ အခြေအနေတွေ မပြောင်းလဲသေးပါဘူး။ ကျွန်တော် ဒီအသင်းဆီ မရောက်ခင်ထဲက အသင်းနဲ့ သူ့ရဲ့ ကြားထဲမှာ ဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတာပါ။ အသင်းနဲ့ ကစားသမားရဲ့ (လူကာကူ) ကြားထဲမှာလည်း ဒီပြဿနာကို ဖြေရှင်းချင်တဲ့ စိတ်ကူးတွေ ရှိကြပါတယ်။ တကယ်လို့ တခုခု ပြောင်းလဲခဲ့မယ် ဆိုရင် ကျွန်တော်တို့က ခင်ဗျားတို့ကို ချက်ချင်း အသိပေးမှာပါ။ အခုထိတော့ အခြေအနေက ပြောင်းလဲတာမျိုး မရှိသေးပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version