ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ရင်ဆိုင် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဘရန့်ဖို့ဒ် ၂-၂ ချယ်လ်ဆီး ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးပရိသတ်တွေက နည်းပြဟောင်း မော်ရင်ဟိုရဲ့ နာမည်ကို အဆက်မပြတ် ကြွေးကြော်နေတာကို ကြားပြီးနောက် ချယ်လ်ဆီးပရိသတ်တွေဟာ သူ့ကို မချစ်ကြဘူးလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: BBC

ပိုချက်တီနိုက ချယ်လ်ဆီးရဲ့ ခါးသီးမြို့ခံပြိုင်ဘက် စပါးကို ကာလရှည် ဦးဆောင်ဖူးတဲ့ နည်းပြ တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးပရိသတ်တွေက ပိုချက်တီနို တယောက် သူတို့အသင်းဆီ ရောက်လာချိန်မှာ ဆန့်ကျင်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းကလည်း ဆိုးဝါးနေတာကြောင့် ချယ်လ်ဆီးပရိသတ်တွေနဲ့ ပိုချက်တီနိုရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပါတယ်။

ယမန်နေ့ညမှာတော့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ချယ်လ်ဆီးက လူအင်အား အပိုင်းမှာ အသာစီး ရခဲ့ပေမယ့် အိမ်ရှင် ဘရန့်ဖို့ဒ်ကို ခြေစွမ်းပိုင်းအရ အသာစီး မကစားနိုင်ခဲ့ပဲ သူတပြန် ကိုယ်တပြန် အပြန်အလှန် တိုက်စစ်ဆင်ရင်း ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit: BBC

ဘရန့်ဖို့ဒ် ၂-၂ ချယ်လ်ဆီး ပွဲကစားနေချိန် အတွင်းမှာ ချယ်လ်ဆီးပရိသတ်တွေက အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်နဲ့ နည်းပြဟောင်း မော်ရင်ဟိုတို့ရဲ့ နာမည်တွေကို ကြွေးကြော်ခဲ့သလို လက်ရှိ အသင်းပိုင်ရှင် တော့ပ် ဘိုလေနဲ့ ပိုချက်တီနိုတို့ကို ဆဲဆိုကာ အသင်းကနေ အမြန်ဆုံး ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ဘရန့်ဖို့ဒ် ၂-၂ ချယ်လ်ဆီး ပွဲအပြီးမှာ ပိုချက်တီနိုက ချယ်လ်ဆီးပရိသတ်တွေဟာ သူ့ကို မချစ်ကြဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့တာပါ။ ပိုချက်တီနိုက – “ကျွန်တော်က ပရိသတ်တွေနဲ့ ဆက်ဆံရေးအပေါ် စိုးရိမ်နေတာမျိုး မရှိပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ အပြုအမူတွေကို လက်ခံပေးနိုင်ရပါမယ်။ ဒါပေမယ့် တကယ်လို့ လူတယောက်ကသာ ချယ်လ်ဆီးပရိသတ်တွေရဲ့ အချစ်ကို ခံစားရလားလို့ လာမေးခဲ့ရင် ကျွန်တော်ကတော့ “မခံစားဖူးသေးဘူး” လို့ပဲ ပြန်ဖြေပါမယ်။ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တခု တည်ဆောက်ချင်ရင် နိုင်ပွဲတွေ အများကြီး ရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အလုပ်ကြိုးစားပြီး ပရိသတ်တွေရဲ့ အမြင်တွေကို ပြောင်းလဲသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။