ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ အသင်းကြီး မဟုတ်တော့ပဲ အသင်းလတ် တသင်း ဖြစ်သွားပြီလို့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၂-၀ ချယ်လ်ဆီး ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ချယ်လ်ဆီးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးကို ကိုင်တွယ်ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်းကျော် အသုံးပြုကာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူထားပါတယ်။

Photo Credit: Euro Sports

ပိုချက်တီနိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကိုင်စီဒို ၊ လာဗီယာ ၊ အန်ကွန်ကူ ၊ ဂျက်ဆန် ၊ ပါလ်မာ စတဲ့ ကြယ်ပွင့် ကစားသမားတွေ အပြင် ကစားသမား ၁၀ဦးကျော် ခေါ်ယူခဲ့ပေမယ့် အခုချိန်အထိ ချယ်လ်ဆီးမှာ တည်ငြိမ်တဲ့ ကစားဟန်နဲ့ ကစားကွက်ကို မဖော်ဆောင်နိုင်သေးပါဘူး။

ယမန်နေ့ညမှာလည်း ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တန်းဆင်းဇုန်ရုန်းအားနဲ့ ကစားနေတဲ့ အဲဗာတန်ရဲ့ ကစားပုံကို မယှဉ်နိုင်ခဲ့သလို ဒူကူရီ ၊ ဒေါ်ဘင် စတဲ့ ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: France

အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးက ပွဲစဉ်(၁၆) အပြီးမှာ ရမှတ် ၁၉မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အဆင့်(၁၀) ကနေ အဆင့်(၁၂) အထိ ကျဆင်းသွားခဲ့ပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူတို့အသင်းဟာ အသင်းလတ် ဖြစ်သွားပြီလို့ ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

ပိုချက်တီနိုက – “အရှိတရားကတော့ ကျွန်တော်တို့ဟာ အသင်းလတ် တသင်း ဖြစ်သွားပါပြီ။ တကယ်လို့ ကျွန်တော်တို့က ဇယားထိပ်ပိုင်းကို တက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက် ဖွင့်တဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဘာလုပ်နိုင်လဲ ဆိုတာ စောင့်ကြည့်ပါမယ်။ (ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားမယ်လို့ ပြောချင်တာပါ) ကျွန်တော်က ကစားသမားသစ်တွေ ထပ်ခေါ်ပေးဖို့ ၊ ကစားသမားတွေ ရောင်းချပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ရဲ့ လူစာရင်းကို အကောင်းဆုံး ပြင်ဆင်ရပါမယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။