MySport Myanmar

ခက်ခဲ့တဲ့ပွဲ ဖြစ်ခဲ့ပေမယ့် အနိုင်ရလဒ်နဲ့တော့ ထိုက်တန်ခဲ့တယ်လို့ ပိုချက်တီနို ဆို

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကတော့ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်က သူတို့အသင်းအတွက် ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမယ့်လည်း အနိုင်ရလဒ်နဲ့တော့ ထိုက်တန်မှု ရှိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်မြို့ခံကလပ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရင်း ရာဟင် စတာလင်ကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ကိုး ပါလ်မာက ကန်သွင်းယူပြီး အဲ့ဒီဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအနေနဲ့ ခါရာဘောင် လိဂ်ဖလား ပကျော့မှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းကို ရှုံးနိမ့်ခဲ့ရလို့ နည်းပြ ပိုချက်တီနိုဟာလည်း ဖိအားတွေ ဝင်ခဲ့ရပေမယ့် အခုလို လန်ဒန်ဒါဘီ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာကြောင့် ပိုချက်တီနိုအတွက် ဖိအားဒဏ် အတန်အသင့်လောက် ကျဆင်းသွားခဲ့ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပိုချက်တီနိုက “ဒီပွဲဟာ တကယ်ကို ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့်လည်း ဒီနေ့ပွဲမှာ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့သလို နိုင်ပွဲနဲ့လည်း ထိုက်တန်ခဲ့ပါတယ်။”

Photo Credit : We Ain’t Got No History

“အခုဆိုရင် ကျွန်တော်တို့အသင်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း (၄)ပွဲဆက်တိုက်အထိ အနိုင်ရခဲ့ပါပြီ။ ဒီလို နိုင်ပွဲတွေရဲ့ အရှိန်အဟုန်ကို ဆက်လက် သယ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဆက်လက် ကြိုးစားသွားရပါမယ်။ မကြာခင်မှာလည်း အနားရမယ့် ရက်တွေ ရှိလာတော့မှာမို့ ပွဲအများကြီး ကစားထားရတဲ့ ကစားသမားတွေအတွက် အလွန်ကောင်းပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ကြားရက်မှာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် မစ်ဒယ်ဘရော့အသင်းနဲ့ ခါရာဘောင် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဆင်နွဲသွားရမှာဖြစ်ပြီး မဖြစ်မနေ အနိုင်ယူကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်နေပါတယ်။

Exit mobile version