ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာသူ မော်ရစ်စီယို ပိုချက်တီနိုက အသင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်အတွင်းမှာ သူတို့ ချယ်လ်ဆီးအသင်းက လွန်ခဲ့တဲ့ နှစ်တွေအတွင်း အင်္ဂလန်ရဲ့ ကြီးကျယ် ခမ်းနားဆုံး ကလပ်အသင်း ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Telegraph

ပီအက်စ်ဂျီ စပါး ဆောက်သမ်တန် နဲ့ အက်စပန်ညိုအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ ချယ်လ်ဆီး နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ တာဝန်ယူနေရပြီဖြစ်ပြီး မနေ့ကပဲ ချယ်လ်ဆီး လေ့ကျင့်ရေးကို စတင် ရောက်ရှိလာခဲ့သလို အသင်းနဲ့လည်း အင်တာဗျူး လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီ အင်တာဗျူး အစီအစဉ်အတွင်းမှာ ပိုချက်တီနိုက –

“ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်ရတာက ကျွန်တော့်အတွက် တကယ်ကို လွယ်ကူတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ ကြိုးစားပြီး အသင်းပရိသတ်တွေ ပျော်ရွှင်အောင် ကစားပေးသွားနိုင်မှာပါ။ နောက်ပြီး ကျွန်တော်က ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာ ဘယ်လိုရှိသလဲဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။”

Photo Credit : talkSPORT

“ဒါကြောင့် ဒီအသင်းအတွက်ကိုလည်း အောင်မြင်မှုတွေ ပြန်လည် ရယူပေးသွားချင်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း လွန်ခဲ့တဲ့ (၁၀)နှစ် (၁၂)နှစ် (၁၅)နှစ်အတွင်းတွေမှာ အင်္ဂလန်ရဲ့ ကြီးကျယ်ခမ်းနားဆုံး ကလပ်အသင်း ဖြစ်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပိုချက်တီနို ပြောဆိုခဲ့တဲ့ နောက်ဆုံး (၁၅)နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို (၃)ကြိမ် ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း (၂)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။