ချယ်လ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက သူတို့အသင်းအနေနဲ့ ဂိုးတွေ များစွာ သွင်းယူနိုင်သလို ပြိုင်ဘက်အသင်းရဲ့ သွင်းဂိုးတွေကိုလည်း အများအပြား ခွင့်ပြုနေရလျက် ရှိနေတာကြောင့် ကစားပုံကို မျှတအောင် လုပ်ဆောင်သွားရတော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့က ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရင်း ပွဲပြီးခါနီးအထိ (1-2)ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ မက်ဘာနေးရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရင်း (၂)ဂိုးစီသရေနဲ့သာ ပွဲက အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : The Mirror

ပြီးခဲ့တဲ့ ကြားရက်က ယူနိုက်တက်အသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း (၂)ဂိုးနဲ့ ဦးဆောင်ထားပြီးမှ (၃)ဂိုးပြန်ပေးခဲ့ရသလို ဘန်လေကို ဒုတိယပိုင်း တစ်ပိုင်းလုံး ကစားသမားတစ်ယောက်အသာနဲ့ ကစားခဲ့ရတုန်းကလည်း ချေပဂိုးတွေ ခွင့်ပြုခဲ့ရကာ အမှတ်ဆုံးရှုံးခဲ့ရပါတယ်။

အခု ရှက်ဖီးနဲ့ပွဲက ချယ်လ်ဆီးအတွက် အတော်လေး စိတ်ပျက်စရာ အခြေအနေမျိုး ဖြစ်ခဲ့ရပြီး အမှတ်ပေးဇယား အောက်ဆုံးက အသင်းကိုတောင် အနိုင်ရလဒ်ရအောင် မကန်နိုင်ခြင်းဟာ လုံးဝကို စိတ်ဓါတ်ကျစရာ အနေအထားတစ်ရပ် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနိုက “ကျွန်တော်တို့တွေ ပိုပြီး အဆုံးသတ်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီအသင်းက ဂိုးတွေလည်း အများကြီး သွင်းယူနေပြီးတော့ ပေးဂိုးတွေကိုလည်း အများကြီး ခွင့်ပြုနေရပါတယ်။ ဒါကို balance ဖြစ်အောင် လုပ်ဆောင်သွားရပါမယ်။”

“လက်ရှိအချိန်မှာတော့ ကျွန်တော်တို့တွေ တိုက်စစ်က ဂိုးတွေသွင်းယူနေနိုင်တာနဲ့ ခံစစ်က ဂိုးတွေ ဆက်တိုက်ပေးနေရတာကို ညီမျှအောင် မလုပ်ဆောင်နိုင်သေးပါဘူး။ အဲ့လို မလုပ်ဆောင်သေးရင် ကျွန်တော်တို့ အခုလို အပြစ်ပေးခံနေရဦးမှာပါ။ ဒီနောက်ပိုင်းမှာ အသင်းက ရှုံးပွဲမရှိအောင် ကစားထားနိုင်ပေမယ့် ခိုင်မာတဲ့ စွမ်းရည်မျိုးတော့ မပြသနိုင်သေးဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။