ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းရဲ့ ဒီရာသီ အဓိကပစ်မှတ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ ဖြစ်ပေမယ့် လက်ရှိမှာတော့ အဆိုပါပန်းတိုင်ကို ရောက်ဖို့ မလွယ်တော့ဘူးလို့ နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ချယ်လ်ဆီးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်းကျော် အသုံးပြုကာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အသုံးစရိတ်အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၁၈ပွဲ ကစားထားရာ ၆ပွဲနိုင်ထဲသာ အနိုင်ရထားသလို ၄ပွဲ သရေကျကာ ၈ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် အဆင့်(၁၁)နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ပိုချက်တီနိုက လာမယ့် ပွဲစဉ်တွေမှာ ချယ်လ်ဆီးအတွက် ရလဒ်ကောင်းတွေ မဖြစ်မနေ ရယူပေးဖို့ လိုအပ်နေပြီး ပိုချက်တီနိုကတော့ သူတို့အသင်းဟာ လာမယ့် ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး သူတို့ရဲ့ ရာသီအစ ပစ်မှတ်ကို ရယူနိုင်ဖို့ မလွယ်တော့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Football London

ပိုချက်တီနိုက – “ကျွန်တော်တို့က အနိုင်ရလဒ်တွေ ရဖို့ လိုအပ်နေတယ်။ စွမ်းဆောင်ရည်ကောင်းတွေ ပြဖို့ လိုအပ်နေတယ်။ ကျွန်တော်တို့က နေ့ရက်တိုင်းမှာ အရင်နေ့ထက် ပိုပြီး တိုးတက်လာဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီရာသီ ရလဒ်တွေက အရမ်းကြီး ဆိုးရွားနေတာ မဟုတ်ပေမယ့် အရမ်းကောင်းတယ်လို့ ပြောလို့လည်း မရပါဘူး။ ကျွန်တော်တို့ရဲ့ ပစ်မှတ်နဲ့ အရမ်းကို အလှမ်းကွာသွားပါပြီ။ အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့ရဲ့ ပစ်မှတ်က လိဂ်ရဲ့ ထိပ်ဆုံးကို ရောက်ဖို့ပါ။ (ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့) ကျွန်တော်တို့က ချယ်လ်ဆီးပါ။ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းအရ ကျွန်တော်တို့အသင်းဟာ အမြဲတမ်း ထိပ်ဆုံးနားမှာ ရှိနေဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဒီနေ့ညမှာတော့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာ အနိုင်ရခဲ့ရင် ချယ်လ်ဆီးက အဆင့်(၁၀)နေရာကို ပြန်လည် တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။