မကြာမီမှာပဲ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုဟာ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ ဖြစ်မလာသေးပေမယ့် အသင်းထံကို ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ မက်ဆီကို ခေါ်ယူပေးဖို့ ပီအက်စ်ဂျီ အသင်းရဲ့ အကြီးအကဲတွေထံ တောင်းဆိုထားကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၄၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ ကမ္ဘာ့ထိပ်တန်း နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး မကြာသေးမီက နည်းပြတူချယ်ကို ထုတ်ပယ်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိထားသူ ဖြစ်ကြောင်း နာမည်ကြီးနေသူ တစ်ဦးပါ။

Photo Credit: Express

ပီအက်စ်ဂျီ အသင်းဟာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းကို ဝေဖန်ခဲ့တဲ့ ဂျာမန်လူမျိုး နည်းပြ တူချယ်ကို အသင်းကနေ ထုတ်ပယ် ဆုံးဖြတ်ပြီးပြီ ဖြစ်ကာ တူချယ်ကို ထုတ်ပယ်ရာမှာ လျော်ကြေး အဖြစ် ယူရို ၆သန်း ဝန်းကျင် ပေးချေခဲ့ရကြောင်း သိရှိ ရပါတယ်။ တူချယ်ကို ထုတ်ပယ် အပြီးမှာတော့ ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်သလို ထိပ်တန်း နည်းပြတစ်ဦးလည်း ဖြစ်တဲ့ ပိုချက်တီနိုကို အသင်းမှာ ကာလရှည် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီး အလုံးစုံ သဘောတူညီမှု ရရှိဖို့ နီးစပ် နေပါတယ်။ ပြင်သစ် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Le Perisien သတင်းဌာနရဲ့ ဖော်ပြချက် အရ ပိုချက်တီနိုဟာ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြရာထူးကို လက်မခံမီမှာ မက်ဆီကို အသင်းထံ ခေါ်ယူပေးဖို့ တောင်းဆို ထားကြောင်း သိရပါတယ်။

Photo Credit: Express

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဖြစ်လဲ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စား နေကြပါတယ်။ Le Perisien သတင်းဌာနရဲ့ ဖော်ပြချက် အရ ပိုချက်တီနိုဟာ နေမာ ၊ အမ်ဘာပေနဲ့ မက်ဆီတို့ရဲ့ တိုက်စစ် အတွဲအဖက်ကို အသုံးချချင်နေပြီး အဆိုပါ သုံးဦးတွဲ တိုက်စစ် အတွဲအဖက်နဲ့ ဆိုရင် ဥရောပ ချန်ပီယံလိဂ်ကို အရယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေကြောင်း သိရှိရပြီး ပီအက်စ်ဂျီ အသင်းကလည်း မက်ဆီကို အသင်းထံ ခေါ်ယူပေးမယ် လို့ ပိုချက်တီနိုကို ကတိပေးဖွယ် ရှိကြောင်းလည်း သိရပါတယ်။