ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထက် လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ ပိုချက်တီနိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၅ဦး စာရင်းဝင်သူ တဦး ဖြစ်သလို ပီအက်စ်ဂျီမှာ ရလဒ်ကောင်းတွေလည်း ရယူထားနိုင်ပေမယ့် ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ ဆက်ဆံရေး ပြိုကွဲနေပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ပိုချက်တီနိုဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ပြင်ဆင်နေသလို ပီအက်စ်ဂျီဘက်ကလည်း ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ ပိုချက်တီနိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သူ့ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေပါ စတင် ပြုလုပ်နေကြပါပြီ။

Photo Credit: Daily Mail

ဒါပေမယ့် ပိုချက်တီနိုကတော့ သူ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်အစား စိန်ခေါ်မှုအသစ် တခု အဖြစ် ရင်ဆိုင်ရမယ့် လာလီဂါပြိုင်ပွဲဆီသာ သွားရောက်ကာ နည်းပြချင်နေကြောင်း ပိုချက်တီနိုနဲ့ နီးစပ်တဲ့ အာဂျင်တီးနား သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ပိုချက်တီနိုက မန်ချက်စတာ ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း အတည်ပြုပေးထားပြီး ပိုချက်တီနိုနဲ့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်တို့ ကြားထဲမှာ ဆွေးနွေးမှု တချို့တောင် ရှိနေကြောင်းလည်း ယနေ့မနက်ပိုင်းမှာ ဖော်ပြလာခဲ့ပါတယ်။