ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာဟာ နှိမ့်ချတတ်တဲ့ ကစားသမားတဦး ဖြစ်တာကြောင့် သူ့ကို ကိုင်တွယ်ရတာဟာ အများထင်သလို ခက်ခဲမှု မရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် နေမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ပင်ကိုယ်ခြေစွမ်းပိုင်းအရ အကောင်းမွန်ဆုံး ကစားသမား ဖြစ်ပေမယ့် မကြာခဏဆိုသလို ဒဏ်ရာရရှိမှုတွေ ၊ ပြိုင်ဘက်တွေကို ထီမထင်ဟန်နဲ့ လိမ်ခေါက် ဖြတ်ကျော်မှုတွေကြောင့် လူချစ်လူခင်များသလို လူမုန်းများတဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။

Photo Credit: PSG Talk

ထို့အပြင် နေမာကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတချို့ကလည်း နေမာဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းတဲ့ ကစားသမားတဦး ဖြစ်တယ်လို့ ဖွင့်ဟ ပြောပြဖူးတာကြောင့် နေမာဟာ ကိုင်တွယ်ရခက်တဲ့ ကစားသမားတဦး ဖြစ်ကြောင်း သတင်းစာမျက်နှာတွေထက်မှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် ပိုချက်တီနိုကတော့ အဆိုပါ ပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်းနဲ့ နေမာဟာ နှိမ့်ချတတ်တဲ့ ကစားသမားတဦး ဖြစ်ပြီး နည်းပြရဲ့ သင်ကြားပေးမှုတွေကိုလည်း နာခံတတ်တဲ့ ကစားသမား ဖြစ်ကြောင်း ဆိုပါတယ်။ နေမာနဲ့ ပတ်သတ်ပြီး ပိုချက်တီနိုက –

 

Photo Credit: PSG Talk

“နေမာနဲ့အတူ အလုပ်လုပ်ရတာက လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားက ဘာမသိပ်ပြီး လုပ်စရာ မရှိလို့ပါပဲ။ ပီအက်စ်ဂျီနည်းပြဘဝ ပထမဦးဆုံး နေ့ရက်ထဲက သူနဲ့ အလုပ်လုပ်ရတာ အရမ်းကို ပွင့်လင်းမှု ရှိပါတယ်။ သူက အရမ်းကို နှိမ့်ချတတ်တယ်။ ပြီးတော့ ကောင်းကောင်း နားထောင်တယ်။ နည်းစနစ်ပိုင်းနဲ့ ပတ်သတ်ပြီး ညွှန်ကြားမှု မှန်သမျှကိုလည်း အကောင်းဆုံး နည်းလမ်းနဲ့ နာခံမှု ရှိပါတယ်။ ဘရာဇီးလ် ကစားသမားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းကို လှပတဲ့ အရာတွေ ရှိပါတယ်။ ဘာ့ကြောင့် သူတို့ ဘောလုံးကစားရတာကို နှစ်သက်လဲဆိုရင် ဘောလုံး ကစားရတာက ကရတာနဲ့ တူနေလို့ပါပဲ။ ကျွန်တော် ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တုန်းက ရော်နယ်ဒင်ဟိုက ကျွန်တော့်ရဲ့ အသင်းဖော်ပါ။ အခုတော့ ကျွန်တော်က နေမာနဲ့ အတူတူ ရှိနေပါပြီ။ တကယ်တော့ သူတို့တွေဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရဖို့အတွက် သူတို့တွေ သက်တောင့်သက်သာ ရှိနေဖို့ လိုပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။