ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ မူဒရစ်ခ်ကို ပါရမီရှိတဲ့ ကစားသမားလို့ ခေါင်းစဉ်တပ်ကာ ချီးကျူးသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ အက်ဖ်အေဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရပြီး ရှုံးထွက်ပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ မူဒရစ်ခ်က စတာလင်း ၊ ဂျက်ဆန် ၊ မာဒူအက်ခီ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး မူဒရစ်ခ်ဟာ ဘယ်တောင်ပံနဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ အလှည့်ကျ ပြောင်းလဲ ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ချယ်လ်ဆီးက အထလေးနေခဲ့တာကြောင့် ပွဲချိန် ၈မိနစ်မှာပဲ လိဒ်ယူနိုက်တက်ရဲ့ လူငယ်တိုက်စစ်မှူး ဂျိုးဆပ်က အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အိမ်ရှင်ချယ်လ်ဆီးက တရစပ် တိုက်စစ်ဆင်မှုတွေ လုပ်လာပြီး ပွဲချိန် ၁၅မိနစ်မှာ ဂျက်ဆန်က ချေပဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၃၇မိနစ်မှာ မူဒရစ်ခ်က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

 

Photo Credit: Football 365

ပထမပိုင်းက ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်း စပြီး သိပ်မကြာခင်မှာပဲ လိဒ်ယူနိုက်တက်က ချေပဂိုး ပြန်ရခဲ့ပြီး ဧည့်သည်တွေ အတွက် ချေပဂိုးကို ပွဲချိန် ၅၉မိနစ်မှာ ဂျိုးဆပ်ကပဲ ထပ်သွင်းပေးခဲ့တာပါ။ ၂-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစား ကစားခဲ့ကြပြီး ပွဲချိန် မိနစ် ၉၀မှာတော့ ဂါလက်ချာက ချယ်လ်ဆီးအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင်တို့ ကွာတားဖိုင်နယ်ဆီ တက်ရောက်ခွင့် ရခဲ့ပါတယ်။

ချယ်လ်ဆီး ၃-၂ လိဒ်ယူနိုက်တက် ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို လိဒ်ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို အကြိမ်ကြိမ် ထိုးဖောက်ပြခဲ့တဲ့ မူဒရစ်ခ်ကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။ ပိုချက်တီနိုက – “မူဒရစ်ခ်မှာ အတော်လေး မြင့်မားတဲ့ ပါရမီအခံ ရှိပြီးသားပါ။ သူက သူ့မှာ ရှိတဲ့ ပါရမီနဲ့ အရည်အသွေးကို အသင်းရဲ့ ကစားကွက်ထဲမှာ ထည့်သွင်းဖို့ပဲ လိုနေခဲ့တာပါ။ အဲ့ဒီလိုလုပ်ဖို့ အချိန်ယူရတတ်ပါတယ်။ ဒါက မူဒရစ်ခ် တယောက်ထဲ ကြုံရတဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။ ချယ်လ်ဆီးရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုးကို ပြသချင်ရင် ဘောလုံးရှိတဲ့ အချိန်မှာရော ၊ ဘောလုံးမရှိတဲ့ အချိန်မှာပါ ကြိုးကြိုးစားစား ကစားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားကာ မူဒရစ်ခ်ကို ချီးကျူးသွားခဲ့တာပါ။