ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်နဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်မှာ အသင်းရဲ့ အနိုင်ဂိုးတွေ အားလုံးကို သွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အတွဲကို ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုA အတွင်းမှာ မန်စီးတီး ၊ ဘရုဂေး ၊ လိုက်ပ်ဇက်တို့နဲ့ ကျရောက်နေသလို အုပ်စုအဖွင့်ပွဲမှာလည်း ဘရုဂေးအသင်းကို အမှတ်မထင် သရေကျခဲ့တာကြောင့် အုပ်စု ပထမနေရာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ လိုက်ပ်ဇက်အသင်းကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ပြင်သစ်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇက်အသင်းတို့ရဲ့ အသင်းလိုက် ခြေစွမ်းပိုင်းဟာ များစွာ ကွာခြားလှခြင်း မရှိပေမယ့် မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ ခြေစွမ်းတွေကြောင့် ပီအက်စ်ဂျီအသင်းဟာ လိုက်ပ်ဇက်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၉မိနစ်မှာ အမ်ဘာပေ ၊ ပွဲကစားချိန် ၆၇မိနစ်နဲ့ ၇၄မိနစ်တို့မှာ မက်ဆီတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး လိုက်ပ်ဇက်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ပွဲကစားချိန် ၂၈မိနစ်မှာ အန်ဒရီ ဆေးလ်ဗားနဲ့ ပွဲကစားချိန် ၅၇မိနစ်မှာ မူခဲလီတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ တဂိုးသွင်း ၊ တဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ အမ်ဘာပေက ရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အတွဲအဖက်ဟာ အသင်းရဲ့ အောင်မြင်မှုတွေ အတွက် အဓိက ကျတဲ့ အတွဲဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ အသင်းကောင်း တသင်း တည်ဆောက်ဖို့ အချိန်တော့ ယူရပါဦးမယ်။ အခုချိန်က ကျွန်တော်တို့ရဲ့ အသင်းကို တည်ဆောက်ဆဲ ကာလပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့သလို အသင်းရဲ့ တိုက်စစ်ပိုင်း ကစားပုံကလည်း အတော်လေး ကောင်းခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော်တို့ အသင်းမှာ တိုးတက်မှုတွေကို မြင်လာရပါတယ်။ မက်ဆီနဲ့ အမ်ဘာပေလား။ သူတို့က ထိပ်တန်း ကစားသမားတွေ ဖြစ်တာကြောင့် အခက်အခဲတွေ ကနေ အလွယ်တကူ ရုန်းထနိုင်တဲ့သူတွေပါ။ အမ်ဘာပေက တိုက်စစ်-ခံစစ် အကူးအပြောင်းတွေမှာ ပြီးပြည့်စုံအောင် ကစားနိုင်သူပါ။ သူ့ရဲ့ အရည်အချင်းကို မက်ဆီရဲ့ အရမ်းကောင်းတဲ့ ပေးပို့မှုတွေနဲ့ တွဲဖက်လိုက်တော့ သူတို့ရဲ့ အတွဲအဖက်က ကြောက်စရာ ကောင်းလာပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။