ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စိန့်အက်တီယန်နဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို မှော်ဆန်တဲ့ အရာတွေ လုပ်နိုင်စွမ်း ရှိသူလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပိုချက်တီနိုနဲ့ တနိုင်ငံထဲသားတွေ ဖြစ်ကြပြီး ယခုနှစ် ဘောလုံးရာသီ အစကမှ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ၂ရာသီ + ၁ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Marca

မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး ကစားလာခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာပြီး ပြင်သစ်မြေဆီ စတင် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အသင်းဖော်သစ်တွေနဲ့ အတွဲညီလာခဲ့ပြီး ယခုနှစ် လီဂူးဝမ်း ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီ ၃-၁ စိန့်အက်တီယန် ပွဲစဉ်အပြီးမှာတော့ ပိုချက်တီနိုက မက်ဆီဟာ မှော်ဆန်တဲ့ အရာတွေကို ပြုလုပ်နိုင်စွမ်းရှိသူ တဦး ဖြစ်ပြီး မက်ဆီရဲ့ ခြေစွမ်းအပေါ် ယုံမှား သံသယ ဖြစ်စရာ မလိုကြောင်းလည်း ဆိုခဲ့ပါတယ်။

Photo Credit: Marca

ပိုချက်တီနိုက – “မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဘာလို့ အငြင်းအခုန်တွေ ဖြစ်နေကြသေးလဲ။ အဲ့ဒါနဲ့ ပတ်သတ်ပြီး နားမလည်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မက်ဆီက ခြွင်းချက်မရှိအောင် ကောင်းတဲ့ ကစားသမား တယောက် ဖြစ်နေလို့ပါ။ မက်ဆီက အရမ်းကို ထူးချွန်တဲ့ ကစားသမားပါ။ သူက မှော်ဆန်တဲ့ ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာ သူ လိုအပ်နေတဲ့ အရာက သွင်းဂိုးတွေပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။