ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ခီရဲ့ ယုံကြည်မှုကို သဘောကျကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ပိုချက်တီနိုက အန်ကွန်ကူ ၊ ကိုင်စီဒို စတဲ့ တန်ကြေးမြင့် ကစားသမားတွေ အပြင် အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ပဲလေ့စ်ကို ရင်ဆိုင် ကစား​စေခဲ့ပါတယ်။

Photo Credit: Sky Sports

တဖက်မှာလည်း ခရစ္စတယ် ပဲလေ့စ်က ၂၀၁၇ခုနှစ် နောက်ပိုင်းမှာ ချယ်လ်ဆီးနဲ့ တွေ့သမျှ ပွဲတိုင်း ရှုံးထားတာကြောင့် ဒီနေ့ပွဲမှာ မရှုံးနိမ့်အောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ပြီး နှစ်သင်းစလုံးက မြန်မြန်ဆန်ဆန် ကစားခဲ့တာကြောင့်ပဲ ပရိသတ်အကြိုက် ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၃မိနစ်မှာတော့ အိမ်ရှင် ချယ်လ်ဆီးတို့ အဖွင့်ဂိုးကို စတင် ရရှိခဲ့ပြီး ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို မူဒရစ်ခ်က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ အပျော်က ဒုတိယပိုင်း အထိတောင် မရောက်ခဲ့ပဲ ပွဲချိန် ၄၅+၁မိနစ်မှာ အိုလစ်ဆီက ခရစ္စတယ် ပဲလေ့စ် အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေကျနေပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ဒုတိယပိုင်း အစမှာတင် လာဗီယာ ၊ သီယာဂို ဆေးလ်ဗား ၊ ဘရော်ဂျာ ၊ မာဒူအက်ခီ စတဲ့ ကစားသမားတွေကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပါတယ်။

Photo Credit: Euro Sports

ပွဲချိန် ၈၇မိနစ်မှာတော့ ပဲလေ့စ် တောင်ပံကစားသမား အက်ဇီးက မာဒူအက်ခီကို ဂိုးဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ချယ်လ်ဆီးတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို မာဒူအက်ခီပဲ အကောင်းဆုံး အဆုံးသတ် ကန်သွင်းကာ ချယ်လ်ဆီးအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ပိုချက်တီနိုက သူကြောင့် ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ ယုံကြည်မှုရှိရှိ ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ မာဒူအက်ခီကို ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပိုချက်တီနိုက – “တကယ်တော့ ပင်နယ်တီကန်ခွင့် ရထားတာက ဂါလက်ချာပါ။ ကျွန်တော်က ဂါလက်ချာကို “ပင်နယ်တီ ကန်ရမယ့်သူက မင်းပဲ။ ဒါပေမယ့် မင်းမှာ ပင်နယ်တီ ကန်ဖို့ ယုံကြည်ချက် မရှိရင် နိုနီကို (မာဒူအက်ခီ) ပေးကန်လိုက်” လို့ ပြောခဲ့ပါတယ်။ ကျွန်တော်က မာဒူအက်ခီ အတွက် အတော်လေး ပျော်နေပါတယ်။ သူက အရန်ခုံတန်းကနေ ထလာပြီး နိုင်ပွဲဆာလောင်မှုနဲ့ ယုံကြည်မှုတွေကို အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်” လို့ ပြောကာ မာဒူအက်ခီကို ချီးကျူးသွားခဲ့တာပါ။