ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၃-၀ လူတန်တောင်း ပွဲစဉ်မှာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သလို သွင်းဂိုး ၁ဂိုးပါ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ် ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲ ၂ပွဲမှာ ရလဒ်တွေ မကောင်းခဲ့တဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် တန်းတက် လူတန်တောင်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ပိုချက်တီနိုက နီကိုလပ်စ် ဂျက်ဆန်အား စတာလင်းနဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားစေခဲ့ပါတယ်။

Photo Credit: Goal

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပေမယ့် ကစားသမား အင်အားချင်း ကွာခြားမှုကြောင့် အိမ်ရှင် ချယ်လ်ဆီးက ပွဲစပွဲဆုံး လူတန်တောင်းကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး ချယ်လ်ဆီးအတွက် အနိုင်ဂိုး ၃ဂိုးစလုံးကို တိုက်စစ်မှူးတွေ အဖြစ် တာဝန်ယူ ကစားခဲ့တဲ့ ဂျက်ဆန်နဲ့ စတာလင်းတို့ နှစ်ဦးထဲကသာ သွင်းယူပေးခဲ့တာပါ။

စတာလင်းက ချယ်လ်ဆီးအတွက် အဖွင့်ဂိုး ၂ဂိုးကို ပွဲချိန် ၁၇မိနစ်နဲ့ ၆၈မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး နီကိုလပ်စ် ဂျက်ဆန်ကတော့ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို ပွဲချိန် ၇၅မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Tribuna

 

ချယ်လ်ဆီး ၃-၀ လူတန်တောင်း ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက စတာလင်းနဲ့ အတွဲညီညီ ကစားကာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆန်ကို ချီးကျူးသွားခဲ့ပြီး ဂျက်ဆန်မှာ ရှိနေတဲ့ အရည်အသွေးတွေကြောင့် ဂျက်ဆန်ဟာ အနာဂတ်မှာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ပိုချက်တီနိုက – “နီကိုလပ်စ် ဂျက်ဆန်ဟာ အကောင်းတကာ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့လို ကစားသမားမျိုးကို ရှာတွေ့ဖို့ မလွယ်ကူပါဘူး။ သူ့ရဲ့ လုပ်အားနှုန်းကလည်း အထင်ကြီးစရာ ကောင်းပါတယ်။ သူက ထိပ်တန်းအဆင့် တိုက်စစ်မှူး တဦး ဖြစ်လာနိုင်သူပါ။ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာဖို့ သူက အချိန်နဲ့ တိုးတက်နိုင်မယ့် နေရာပဲ လိုအပ်ပါတယ်။ သူ့ရဲ့ အရည်အချင်းတွေက အတော်လေး ကောင်းပါတယ်” လို့ ပြောကြားရင်း ဂျက်ဆန်ကို ချီးကျူးသွားခဲ့တာပါ။