လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုကတော့ လက်ရှိမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်လာတဲ့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်ဖို့ အလေးပေးမှုတွေ မြင့်တက်လာကြောင်း သိရှိ ရပါတယ်။ အသက် ၄၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား လူမျိုး ပိုချက်တီနိုဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စပါးအသင်းရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရသူ တစ်ဦး ဖြစ်ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ နည်းပြတစ်ဦး အဖြစ် ရှိနေသူပါ။ ပိုချက်တီနိုဟာ စပါးအသင်း ကနေ ထုတ်ပယ်ခံခဲ့ ရပေမယ့် သူဟာ လက်ရှိ နည်းပြလောက ထဲမှာ ထိပ်တန်း နည်းပြတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ပိုချက်တီနိုဟာ အက်စ်ပန်ညို ၊ ဆောက်သမ်တန် ၊ စပါးအသင်းတို့ကို ကိုင်တွယ်ဖူးသူ တစ်ဦး ဖြစ်ပြီး နည်းပြဘဝမှာ ဆုဖလား အောင်မြင်မှုတွေ မရသေးပေမယ့် သူကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ကိုယ်ပိုင် ကစားဟန် တစ်ခုကို ရရှိသွားလေ့ ရှိပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ရလဒ်ပိုင်း အနည်းငယ် ဆိုးရွားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဆိုရင်လည်း စပါးအသင်းကို ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ ရှုံးပွဲ အပြီးမှာတော့ မန်ယူအသင်းနည်းပြ ဖြစ်သူ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ အနည်းငယ် မရေမရာ ဖြစ်လာခဲ့ပြီး မန်ယူအသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စတင် ဆွေးနွေးနေပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် လာပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ အင်္ဂလန် ဘွတ်ကီဒိုင်တွေဟာ မန်ယူအသင်း နည်းပြသစ်အဖြစ် ပိုချက်တီနို ဖြစ်လာမယ် ဆိုပြီး လောင်းကြေး ဖွင့်ထားကြသလို လောင်းကြေးရဲ့ ကြေးဟာလည်း အတော်လေး မြင့်မား လာတာကြောင့် ပိုချက်တီနိုဟာ မကြာမီမှာပဲ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ် လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။ ပိုချက်တီနို တစ်ယောက် မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ် ဆိုတဲ့ အလေးဖွင့်မှုဟာ ၄:၆ အထိ ရှိလာခဲ့ပြီး တစ်ဖက်မှာလည်း လက်ရှိ မန်ယူအသင်းရဲ့ နည်းပြဖြစ်တဲ့ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ် ကနေ ပထမဦးဆုံး ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ဒုတိယနေရာ ကနေ ရေပန်းစား နေပါတယ်။ ဘောလုံး အားကစားဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစား လာတာနဲ့အမျှ လောင်းကစားဒိုင်တွေရဲ့ အခန်းကဏ္ဏဟာလည်း ဘောလုံးလောကမှာ ကြီးမား လာပါတယ်။ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုဟာ မှန်ကန်လေ့ ရှိတာကြောင့် ပိုချက်တီနို တစ်ယောက် မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။