လိဂ်ဖလား ဗိုလ်လုပွဲလို ပွဲစဉ်မျိုးကြီးမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေလို့ အရန် ကစားသမားတွေ လူငယ် ကစားသမားလေးတွေနဲ့ ဖြစ်သလို ယှဉ်ပြိုင်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ တကယ်ကို လေးစားလောက်စရာ စွမ်းဆောင်ရည်နဲ့ ချယ်လ်ဆီးကို အနိုင်ယူပြီး လိဂ်ဖလား ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

တစ်ဖက်က ချယ်လ်ဆီးမှာတော့ အရန်ကစားသမားအင်အား တောင့်တောင့်တင်းတင်းနဲ့ လီဗာပူးလ်ကို ရင်ဆိုင်ခဲ့ပေမယ့်လည်း ချာတိတ်လေးတွေနဲ့ တုံ့ပြန်ကစားသွားတဲ့ လီဗာပူးလ်အသင်းက အချိန်ပို ဒုတိယပိုင်း ပြီးခါနီးလေးမှာ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပါတယ်။

Photo Credit : The Empire of Kop

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ဘောလုံးသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ ချယ်လ်ဆီးက ကလော့ပ်ရဲ့ ကလေးအသင်းကို အရှုံးပေးခဲ့ရတဲ့ တစ်ဘီလီယံတန် အပြာရောင် ငပျော့အသင်းလို့ပါ ရှယ်ဝေဖန် ပြစ်တင်သွားခဲ့ပါသေးတယ်။

ဒါပေမယ့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ “ကျွန်တော်တို့က လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းပါ။ လီဗာပူးလ်လို လူငယ် ကစားသမားလေးတွေနဲ့ အလုပ်ဖြစ်ပြီးသား အသင်းနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ဒီလို ယှဉ်ဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး။ အချိန်ပို ကစားရချိန်မှာလည်း ကစားသမားတွေက အင်အားတွေ ကုန်ခမ်းနေရပါပြီ။”

Photo Credit : ESPN

“ဘင်ချီးဝဲလ်က အရမ်းကို ပင်ပန်းနွမ်းနယ်နေတယ်။ ဂယ်လက်ဂါလည်း (၅)မိနစ်လေးပဲ ကစားနိုင်တော့လို့ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်။ မဖြစ်မနေ လူစားလဲမှုတွေ လုပ်ခဲ့ပြီး ကစားသမားတွေက ပင်နယ်တီ အဆုံးအဖြတ်ထိ ခံယူဖို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။”

“ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျွန်တော် ပျော်ရွှင်မိရပါတယ်။ သူတို့က တကယ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားသွားတယ်။ ပြိုင်ဆိုင်လိုစိတ်အပြည့်နဲ့လည်း ကစားခဲ့တယ်။ အခုတော့ ဒီရှုံးပွဲအကြောင်းကို မေ့ထားပြီး ရှေ့ဆက်ရပါမယ်။ အခုကတော့ သူတို့တွေ နာကျင်ခံစားနေရမှာပါ။ ကျွန်တော်လည်း ကစားသမားတွေနဲ့အတူ ဒီလိုခံစားနေရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။