စပါးအသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့အပြီး မကြာမီမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ပိုချက်တီနိုကတော့ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ပြန်လာနိုင်ဖို့ အတော်လေး နီးစပ် နေပြီလို့ သိရှိရပါတယ်။ အာဂျင်တီးနားလူမျိုး ဖြစ်တဲ့ ပိုချက်တီနိုဟာ ရောက်ရာအသင်းတိုင်း မှာ စွဲမက်ဖွယ်ရာကောင်းတဲ့ တိုက်စစ် ကစားပုံနဲ့ အသင်းကို ဖန်တီးလေ့ရှိသူ ဖြစ်ပြီး သူ့ရဲ့ နည်းစနစ်တွေ ၊ နည်းဗျူဟာ ပြောင်းလဲမှုတွေကို အခြားနည်းပြတွေကပါ အတုယူရတဲ့အထိ ထက်မြက်တဲ့ နည်းပြတစ်ဦး ဖြစ်ကာ လက်ရှိမှာတော့ မကြာမီမှာ အင်အားကြီးအသင်း ဖြစ်လာ နိုင်တဲ့ နယူးကာဆယ်အသင်းထံကို ရောက်ရှိ တော့မယ်လို့ အင်္ဂလန်သတင်းစာတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Standard.com

ပရီးမီးယားလိဂ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ် ဖို့ ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသား ဘင်ဆယ်လ်မန်ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူ အသင်းကို ပေါင်၃.၅ဘီလီယံအထိ ပေးကာ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီးတဲ့ နောက်မှာတော့ တစ်ချိန်က ပရီးမီးယားလိဂ်မှာ ချန်ပီယံအသင်းတစ်သင်း ဖြစ်ခဲ့ဖူးတဲ့ နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့တာပါ။ တစ်ဖက်မှာလည်း နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင်နဲ့ ပရိသတ်တွေကြားထဲမှာ ပဋိပက္ခတွေ ဖြစ်နေပြီး အသင်းပိုင်ရှင် မိုက်ကယ် အက်ရှလေဟာ အသင်းကို လုံလောက်တဲ့ အားဖြည့်မှုတွေ မလုပ်ဆောင်ပေးတာကြောင့် အသင်းပရိသတ်တွေဟာ အက်ရှလေကို အသင်း ကနေ ထွက်ခွာသွားဖို့ ဆန္ဒပြတောင်းဆိုနေကြကာ အက်ရှလေဟာလည်း နယူးကာဆယ် အသင်းကို ရောင်းချဖို့ စဉ်းစားနေပါတယ်။

Photo Credit: Standard.com

လတ်တလော သတင်းတွေအရတော့ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်ကယ် အက်ရှလေ ဟာ သူ့ရဲ့အသင်းကို ပေါင်၃၅၀သန်း ဝန်းကျင် ရရှိပါက ရောင်းချသွားဖို့ ရှိနေပြီး ဆယ်လ်မန်လို ပေါင်၆၀၀ဘီလီယံနီးပါး ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာသူ တစ်ဦးအတွက် အဆိုပါ ပမာဏဟာ နည်းပါး လွန်းတဲ့ ငွေကြေးဖြစ်တာကြောင့် နယူးကာဆယ်အသင်းကို ဝယ်ယူမှုဟာ မကြာခင်မှာပဲ ဖြစ်ပေါ်လာဖွယ် ရှိတယ်လို့ သိရပါတယ်။ ဆော်ဒီအခြေစိုက် သတင်းဌာနတွေကတော့ ဆယ်လ်မန်ဟာ နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက ပိုချက်တီနို ကို နည်းပြသစ်အဖြစ် ခန့်အပ်မှာ ဖြစ်သလို ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေး ၊ ဒိုင်ဘာလာ ၊ ပီဂျာနစ်စတဲ့ ကစားသမားတွေကို ခေါ်ယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။