ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုဟာ မကြာမီ နာရီပိုင်း အတွင်းမှာပဲ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ် လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အသက် ၄၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုဟာ သူ့ရဲ့ နည်းပြဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို မရသေးပေမယ့် ဆောက်သမ်တန်အသင်း ၊ စပါးအသင်းတို့ကို ကိုင်တွယ်ပြီးချိန်မှာ ကမ္ဘာ့ထိပ်တန်း နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Standard

အထူးသဖြင့် ပိုချက်တီနိုဟာ ငွေကြေးများပြားစွာ သုံးစွဲလေ့ မရှိသလို သူကိုင်တွယ်တဲ့ အသင်းတိုင်းဟာ လှပတဲ့ တိုက်စစ် ကစားဟန် ၊ အသင်းလိုက် စုဖွဲ့ကစားပုံတွေကြောင့် အချိန်တိုအတွင်းမှာ အနိုင်ယူရခက်တဲ့ အသင်းတွေ ဖြစ်လာတတ်ပါတယ်။ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုပထမနေရာ ကနေ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ စီနီယာ ကစားသမား တချို့နဲ့ ဆက်ဆံရေး အဆင်မပြေသလို အသင်းရဲ့ အကြီးအကဲတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အသင်းရဲ့ ဂျာမန် နည်းပြဖြစ်သူ တူချယ်က မကြာသေးမီကပဲ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ပီအက်စ်ဂျီ အသင်းဟာ ပိုချက်တီနိုရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင် နာရီပိုင်း အတွင်းမှာပဲ ပိုချက်တီနိုဟာ သူတို့အသင်းရဲ့ နည်းပြသစ် ဖြစ်ကြောင်း ကြေညာဖွယ် ရှိတယ် လို့ သိရပါတယ်။ ပိုချက်တီနို ဟာ စပါးအသင်းလို ငွေကြေးများစွာ သုံးစွဲနိုင်ခြင်း မရှိတဲ့ အသင်းကိုတောင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်တဲ့ နည်းပြကောင်း တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်သလို ချန်ပီယံလိဂ်ဖလားကို အလိုရှိနေတဲ့ ပီအက်စ်ဂျီအသင်းကို လက်ရှိ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖလား ရရှိအောင် ဦးဆောင်ပြနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။