ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဘရုဂေးအသင်းကို အဝေးကွင်းမှာ တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်အတွဲ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို အချိန်ပေးဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူး သုံးဦး ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို ပိုင်ဆိုင်ခဲ့ပြီး အဆိုပါ တိုက်စစ်အတွဲကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။

Photo Credit: Metro

ဒါပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရုဂေးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ တဖက် တဂိုးစီ သရေခဲ့တဲ့ ပွဲမှာတော့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ MNMတိုက်စစ်အတွဲဟာ ထင်ထားသလောက် အလုပ်မဖြစ်ခဲ့သလို အမ်ဘာပေ တဦးထဲကသာ ပုံမှန်ခြေစွမ်း ပြနိုင်ခဲ့ပြီး မက်ဆီနဲ့ နေမာတို့ ကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဘရုဂေးအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်အတွဲ ဖြစ်တဲ့ MNMအတွဲကို အချိန်ပေးဖို့ လိုအပ်ကြောင်းနဲ့ ကစားသမားတွေဟာ တဦးနဲ့ တဦးကြားမှာ နားလည်မှု ရဖို့ အတွက် အချိန်အနည်းငယ် ယူရလေ့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

MNMတိုက်စစ်အတွဲနဲ့ ပတ်သတ်ပြီး ပိုချက်တီနိုက – “ကျွန်တော်တို့တွေက သူတို့ရဲ့ (မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေ) ကြားမှာ နားလည်မှုတခု တည်ဆောက်ပေးဖို့ အချိန် လိုအပ်ပါတယ်။ ဒါကတော့ ရှင်းလင်းတဲ့ ကိစ္စရပ်တခုပါ။ ဒီရက်ပိုင်းမှာလည်း ဒီကိစ္စကို ကျွန်တော်တို့ မကြာခဏ ပြောဖြစ်ပါတယ်။ ကျွန်တော်တို့က အသင်းကောင်း တသင်းကို တည်ဆောက်ဖို့ အချိန်တွေ လိုပါတယ်။ ပြီးတော့ ဒီညရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်ကို ဘယ်ကစားသမားကမှ သဘောမကျသလို ၊ သူတို့တွေ အနိုင်မရခဲ့လို စိတ်ပျက်နေကြပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။