MySport Myanmar

ဥရောပဝင်ခွင့် မရရင် ရာသီကုန်တာနဲ့ ချယ်လ်ဆီးကနေ အထုတ်ခံရမယ့် ပိုချက်တီနို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ပြီးနောက် နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် ဒီရာသီမှာသာ ဥရောပဝင်ခွင့် မရခဲ့ရင် ရာသီကုန်တာနဲ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်းကျော် အကုန်အကျခံကာ ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ပေမယ့် အခုချိန်အထိ သုံးထားတဲ့ ငွေကြေးနဲ့ လိုက်ဖက်တဲ့ ရလဒ်ကောင်းတွေ မရသေးပါဘူး။

Photo Credit: Goal

ချယ်လ်ဆီးက အမှတ်ပေးပြိုင်ပွဲမှာ အခြေအနေ မကောင်းတာကြောင့် ဥရောပဝင်ခွင့် ရဖို့ အတွက် ရှုံးထွက်ဖလားတွေကိုသာ အာရုံစိုက် ယှဉ်ပြိုင်နေရကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ချယ်လ်ဆီးက ကာရာဘောင်းဗိုလ်လုပွဲ အဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ချယ်လ်ဆီးက ကာရာဘောင်းဖလားရဲ့ ချန်ပီယံ ဖြစ်ခဲ့ရင် ဥရောပဝင်ခွင့် ရမှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့တာကြောင့် ဥရောပဝင်ခွင့် ရဖို့ ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပြီး အမှတ်ပေးဇယားမှာ အဆင့်(၁၁)နေရာ အထိ ရောက်နေတာကြောင့် ဥရောပဝင်ခွင့် အတွက် လက်ကျန် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်အောင် အသည်းအသန် ကြိုးစားရတော့မှာပါ။

Photo Credit: Sports Brief

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ကာရာဘောင်း ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် ပိုချက်တီနိုရဲ့ နည်းပြထိုင်ခုံဟာ စတင် လှုပ်ခတ်လာခဲ့ပြီး ချယ်လ်ဆီးက ပိုချက်တီနိုကို ရာထူးကနေ ချက်ချင်း ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် အကယ်၍ ရာသီကုန်ချိန်မှာသာ ဥရောပဝင်ခွင့် မရဘူး ဆိုရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ဆီ တက်ရောက်ထားနိုင်ပြီး ချယ်လ်ဆီးက ၁၆သင်း အဆင့်မှာ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေကာ အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းကြီးတွေ ကျန်နေသေးတာကြောင့် ချယ်လ်ဆီးက အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ဖို့ ကြမ်းတမ်း ခက်ထန်တဲ့ ခယောင်းလမ်းကို ကျော်ဖြတ်ရဦးမှာပါ။

Exit mobile version