MySport Myanmar

ဂိုးတွေ သွင်းလာနိုင်ပေမယ့် မူဒရစ်ရဲ့ အကောင်းဆုံးပုံစံ မရသေးဘူးလို့ ပိုချက် ဆို

အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အတွင်း အသင်းအတွက် ဒုတိယဂိုးကို လှလှပပ သွင်းယူပေးသွားနိုင်ခဲ့တဲ့ မူဒရစ်ဟာ သူရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ လိုအပ်နေသေးတယ်လို့ ချယ်လ်ဆီးအသင်း နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမားလေး မူဒရစ်ဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ချယ်လ်ဆီး ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို အခုလည်း စတန်းဖို့ဒ်ဘရစ်ချ်မှာပါ ပထမဆုံးဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

အသက် (၂၂)နှစ်အရွယ် ယူကရိန်း winger မူဒရစ်ဟာ ယူကရိန်း နဲ့ ချယ်လ်ဆီးအတွက် ကစားပေးခဲ့ရတဲ့ (၂)ပွဲဆက်တိုက်ကို အမိုက်စားဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နည်းပြ ပိုချက်တီနိုကတော့ မူဒရစ်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပဲ တိုးတက်ဖို့ လိုအပ်သေးတယ်လို့သာ ပြောဆိုလာပါတယ်။

“မူဒရစ်က သူရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေသေးပါဘူး။ သူ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ သူက စတန်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံး သွင်းဂိုး ရရှိဖို့လည်း လိုအပ်ခဲ့ပါတယ်။ သူက တိုးတက်ဖို့ လိုအပ်နေသေးတယ် ဆိုပေမယ့်လည်း အခု စတန်းဖို့ဒ်ဘရစ်ချ်မှာ သွင်းယူနိုင်တဲ့ ဒီဂိုးကြောင့် သူ့အတွက် ယုံကြည်မှုတွေ ပိုတ်ိုးလာလိမ့်မယ်လ်ို့ ကျွန်တော် ထင်ပါတယ်” လို့ ပိုချက်တီနိုက ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Twitter X

ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ မူဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကမှ ရှက်တာကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဆီ ရောက်ရှိခါနီးမှ ချယ်လ်ဆီးကိုသာ ပြောင်းရွှေ့သွားခဲ့တဲ့ မူဒရစ်ဟာ ချယ်လ်ဆီးအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတဲ့အတွက် ဝေဖန် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဂိုး (၂)ဂိုးအထိ သွင်းယူလာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Exit mobile version