ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယနေ့ည ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ဘရုဂေးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ သူတို့အသင်းရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို မြင်ရနိုင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုAအတွင်း ကျရောက်နေပြီး မန်ချက်စတာ စီးတီး ၊ လိုက်ပ်ဇက် ၊ ဘရုဂေး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အုပ်စုတွင်း အားအနည်းဆုံး ပြိုင်ဘက် ဖြစ်တဲ့ ဘရုဂေးအသင်းနဲ့ တွေ့ဆုံနေစဉ် ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူထားဖို့ လိုအပ်ပါတယ်။

Photo Credit: CBS Sports

 

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်တာကြောင့် မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ ဆိုတဲ့ လက်ရှိ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေကလည်း သူတို့သုံးဦး တွဲဖက် ကစားတာကို မြင်တွေ့ချင်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပွဲစဉ် ၆ပွဲ အထိ ကစားထားခဲ့ပေမယ့် မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို တခါမှ ထုတ်မသုံးရသေးပဲ လက်ရှိမှာတော့ သုံးဦးစလုံးဟာ ကြံ့ခိုင်မှု ပြည့်ဝနေတာကြောင့် ဘရုဂေအသင်းနဲ့ ပွဲစဉ်မှာ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို မြင်တွေ့ရနိုင်ကြောင်း ပိုချက်တီနိုက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: CBS Sports

မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲနဲ့ ပတ်သတ်ပြီး ပိုချက်တီနိုက – “ခင်ဗျားတို့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တိုက်စစ်အတွဲကို မြင်တွေ့ရနိုင်ပါတယ်။ ပြီးတော့ ဒါက ဖြစ်နိုင်ချေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အသင်းရဲ့ လူစာရင်းကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရွေးချယ်ရနိုင်ပါတယ်။ လူတိုင်းက သူတို့သုံးဦးကို မြင်တွေ့ခွင့်ရဖို့ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီအကြောင်းကို တွေးလိုက်တိုင်း အတော်လေး ပျော်မိတယ်ဗျ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။