ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်တွေ့ခွင့်ရဖို့ အချိန်ပေးရဦးမယ်လို့ မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းအတွက် ၃ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး တဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း မရသေးပါဘူး။

Photo Credit: Clutch Points

ဒါ့အပြင် ပီအက်စ်ဂျီအသင်းက လိုင်ယွန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက လူစားခံခဲ့ရချိန် အသင်းရဲ့ နည်းပြ ပိုချက်တီနိုကို လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဝေဖန်မှုတချို့ပါ ခံနေရပြီး ပိုချက်တီနို ကတော့ လူစားလဲခံရလို့ ပျော်ရွှင်တဲ့ ကစားသမား မရှိကြောင်းနဲ့ မက်ဆီရဲ့ အပြုအမူဟာ သွေးဆူနေတုန်း ဖြစ်ခဲ့တဲ့ ပြဿနာ တရပ်သာ ဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။

ယနေ့ညမှာတော့ ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးကို ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက်ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ လက်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ် အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက မက်ဆီရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မကြာခင် မြင်တွေ့ရမှာ ဖြစ်ပေမယ့် မက်ဆီ တယောက် အသင်းနဲ့ အသားကျသွားအောင် အချိန်ပေးဖို့ လိုအပ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Clutch Points

 

ပိုချက်တီနိုက – “မက်ဆီက ဖြည်းဖြည်းချင်း တိုးတက်နေပါတယ်။ ဒီညမှာတော့ သူက အသင်းရဲ့ လူစာရင်းထဲ ပါလာပါလိမ့်မယ်။ ဒါပေမယ့် ပွဲထွက် ကစားခွင့် ရ ၊ မရကိုတော့ သေချာ မပြောနိုင်သေးပါဘူး။ မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါပေမယ့် သူက ကျွန်တော်တို့လိုပဲ လူသား တယောက် ဖြစ်ပါတယ်။ ဒီတော့ သူက အသင်းသစ် ၊ နိုင်ငံသစ် ၊ ယဉ်ကျေးမှုသစ်တွေနဲ့ အသားကျဖို့ လိုအပ်ပါသေးတယ်။ သူက ဘာစီလိုနာအသင်းမှာ နှစ်ပေါင်း ၂၀ကျော် ကစားခဲ့သူပါ။ ဒါကြောင့် အရာအားလုံးက သူ့အတွက် အသစ်အဆန်းတွေ ဖြစ်နေပါတယ်။ အချိန်တခု ရောက်လာရင် သူနဲ့အတူ ကျွန်တော်တို့ အားလုံး အောင်မြင်မှုတွေကို အတူတကွ သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။