ပီအက်စ်ဂျီအသင်းက ဘော်ဒိုးအသင်းကို (၃)ဂိုးပြတ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ လီဂူးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း ပရိသတ်တွေက အသင်းရဲ့ ထိပ်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ နေမာတို့ကိုသာ လှောင်ပြောင်ဝေဖန်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့အပေါ် ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုက လှောင်ပြောင်မှုတွေဟာ မျှတခြင်း မရှိဘူးလို့ ပြစ်တင်တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Public News Time

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံတုန်း ရီးယဲလ်ကို ကျော်ဖြတ်ပြီး ကွာတားကို တတ်လှမ်းနိုင်လောက်တဲ့ အနေအထားမျိုးကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီအခြေအနေကို မထိန်းထားနိုင်ပဲ အဆုံးသတ်မှာ နှစ်ကျော့ပေါင်းရလဒ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ချန်ပီယံလိဂ်ကနေ အခုလို ထွက်ခွာခဲ့ရတဲ့အပေါ် ပီအက်စ်ဂျီအသင်း ပရိသတ်တွေက အလွန်ဒေါသထွက်နေရပြီး မနေ့က ဘော်ဒိုးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်မှာပါ မက်ဆီနဲ့ နေမာတို့ကို အသင်းပရိသတ်တွေက အော်ဟစ်လှောင်ပြောင်မှုတွေပါ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : USTime Today

ဒီ အခြေအနေနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက “ကျွန်တော်အတွက်တော့ ဒါက တရားမျှတမှု ရှိမနေဘူးလို့ ထင်ပါတယ်။ အသင်းပရိသတ်တွေရဲ့ ဒေါသထွက်မှုကို နေမာ မက်ဆီတို့သာ မဟုတ်ပဲနဲ့ ကျွန်တော်တို့ တစ်သင်းသားလုံး ခံရထိုက်တာပါ။ သူတို့နှစ်ယောက်က ကမ္ဘာ့အဆင့်မီ ထိပ်တန်း ကစားသမားတွေပါ။ ဒါကြောင့် သူတို့ကို လေးစားဖို့ လုုိပါလိမ့်မယ်။ ကျွန်တော်တို့ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အမြဲတမ်း အသင်းတစ်ခုအဖြစ်နဲ့သာ ရှိနေတာပါ။ ကျွန်တော်တို့တွေ ပရိသတ်တွေရဲ့ စိတ်ပျက်ဒေါသထွက်မှုအပေါ် နားလည်နိုင်ပါတယ်။ ကျွန်တော်တို့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်လက်မရှိနေနိုင်တဲ့အပေါ် ပရိသတ်တွေထပ်တူ စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကြောင့် လှောင်ပြောင်သံတွေက တစ်သင်းလုံးအတွက်ပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ပြည်တွင်းလိဂ်ဖလား ပိုင်ဆိုင်ရဖို့ကပဲ အာရုံစိုက်ထားရပါမယ်။ အခြေအနေတွေက ခက်ခဲပါတယ်။ ကျွန်တော်တို့ကလည်း အတိတ်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ လာမယ့်ပွဲစဉ်တွေနဲ့ အမှတ်ပေးဆုဖလား ပိုင်ဆိုင်ရနိုင်ဖို့ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးပြိုင်ပွဲအတွင်း ဒုတိယနေရာက မာဆေးလ်နဲ့ တတိယနေရာ နိုက်စ်အသင်းတို့ကို (၁၅)မှတ်စီ ဖြတ်တောက်ထားနိုင်တာကြောင့် ဗိုလ်စွဲနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။