ပြင်သစ် ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ်ဖြစ်သူ ပိုချက်တီနို က အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေ အနေနဲ့ စပိန်လာလီဂါရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ပီအက်စ်ဂျီ အသင်းမှာပဲ ရေရှည် ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာပါတယ်။ အမ်ဘာပေး ရဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်ရောက်ရင် ကုန်ဆုံးမှာ ဖြစ်ပြီးတော့ ပီအက်စ်ဂျီ အနေနဲ့ လီယွန်နယ် မက်ဆီနဲ့ ဆာဂျီယို ရာမို့စ် တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိတာကြောင့် အမ်ဘာပေရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: PSG Talk

နည်းပြ ပိုချက်တီနို အနေနဲ့ စပိန်အခြေစိုက်သတင်းဌာန ဖြစ်တဲ့ Marca သတင်းဌာန နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ ကစားသမားဘဝက ကစားခဲ့ဖူးတဲ့ ပီအက်စ်ဂျီ ကို နည်းပြအဖြစ်ပြန်လည်ရောက်လာတဲ့ အခါ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ အမ်ဘာပေရဲ့ အနာဂါတ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေခဲ့ပါတယ်။ “ ပီအက်စ်ဂျီ ကို ပြန်ရောက်လာတော့ စိတ်တက်ကြွမှုတွေ အများကြီးနဲ့ တာဝန်တွေ အများကြီး ကျွန်တော့်မှာ ရှိလာပါပြီ။ ဒီလှပတဲ့ ပရောဂျက်ကို ကျွန်တော် အကောင်းဆုံး ကူညီပြီးတော့ လုပ်ချင်ပါတယ်၊ အဲ့ဒါက စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကျွန်တော်တို့ အနေနဲ့ အခြေအနေတွေနဲ့ ကစားသမားတွေ အပေါ်မှာ လျင်လျင်မြန်မြန်ပဲ လိုက်လျောညီထွေ ဖြစ်နေပါပြီ ” လို့ပြောခဲ့ပါတယ်။ ဆက်လက်ပြီး အမ်ဘာပးနဲ့ ပတ်သက်ပြီးလည်း အခုလိုပြောခဲ့ပါတယ်။ “ အမ်ဘာပေကို မချစ်တဲ့သူ ဘယ်သူမှ မရှိပါဘူး၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားပြောပြီးကြပါပြီ ”

Photo Credit: PSG Talk

သူ့ရဲ့ အပြုံး၊ သူ့ရဲ့ မျက်နှာ ၊ သူ့ရဲ့ ခွန်အားတွေနဲ့ အတူ အမ်ဘာပေက သူ့ကိုယ် အချစ်ခံရအောင် နေပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာပဲ သူက ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်နေပါပြီ၊ အထင်ကြီးဖို့ကောင်းတဲ့အရာတွေ သူ့မှာ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် သူက စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်အရ ထူးခြားပြီးတော့ ကျန်တဲ့ ကစားသမားတွေနဲ့ လုံးဝ မတူညီပါဘူး။ သူ့မှာ တိုးတက်ဖို့အတွက် အလားအလာတွေ အများကြီးရှိနေပါတယ်၊ ဒါပေမယ့် အနာဂါတ်မှာမှ မဟုတ်ပါဘူး၊ အခုလက်ရှိမှာလည်း သူက တစ်စုံတစ်ယောက် အတွက် ကစားသမားကောင်း တစ်ယောက် ဖြစ်နေပါပြီ။ အဲ့ဒါက စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီးတော့၊ အခုလို အရည်အချင်းရှိတဲ့ ကစားသမား နဲ့ အလုပ်တွဲလုပ်ရတာ‌ ကောင်းပါတယ်၊ အဲ့ဒါက ခင်ဗျားကို ပိုကောင်းတဲ့ နည်းပြတစ်ဦးတောင် ဖြစ်စေပါတယ်။ ခင်ဗျား အနေနဲ့ ဒီလိုကစားသမားမျိုးကို ပုစ္ဆာတစ်ပုဒ်ပေးလိုက်ရင် သူက အဖြေပြန်ပေးပါလိမ့်မယ်။ ကောလဟာလတွေက အများကြီးထွက်နေပါတယ်၊ ဒါပေမယ့် သူက နှစ်ပေါင်းများစွာ ကြာအောင် ပီအက်စ်ဂျီ ကစားသမားတစ်ဦး ဖြစ်နေအုန်းမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်၊ ပြီးတော့ အဲ့ဒါက အသင်းရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာ ရှိနေသမျှကာလပတ်လုံး ကျွန်တော်တို့က သူ့ကို အားကိုးနေရတာပါ။ သူ့ရဲ့ အနာဂါတ် နဲ့ပတ်သက်ပြီး သူ ဆုံးဖြတ်ချဖို့လိုတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သူက ပျော်ရွှင်နေပြီးတော့ ဒီပရောဂျက်ကို ကတိသစ္စာ စောင့်သိနေပုံတော့ ရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။