MySport Myanmar

ရာသီသစ်မှာ လူငယ်ကြယ်ပွင့် မတ်ဆန်ကို နေရာပေးသွားမယ်လို့ ကတိပေးခဲ့တဲ့ ပိုချက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်သူ ပိုချက်တီနိုက အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် မတ်ဆန်ကို ရာသီသစ်မှာ နေရာပေးသွားမယ်လို့ ချယ်လ်ဆီး ၁-၁ နယူးကာဆယ် ခြေစမ်းပွဲအပြီးမှာ ကတိပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် မတ်ဆန်က ချယ်လ်ဆီးရဲ့ လူငယ်အသင်းတွေမှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ အမြန်နှုန်းနဲ့ အလိမ်အခေါက် ကျွမ်းကျင်မှုတို့ကြောင့် ပိုချက်တီနိုက သူ့ကို တောင်ပံ ကစားသမား တဦး အဖြစ် အသုံးပြုနေပါတယ်။

Photo Credit: Talksports

မတ်ဆန်က ချယ်လ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲ ၃ပွဲစလုံးမှာ တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး ချယ်လ်ဆီး ၅-၀ ရက်စ်ဟမ်း ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မတ်ဆန်က လူငယ်အသင်းတွေမှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ပေမယ့် ပိုချက်တီနိုက သူဟာ အာဆင်နယ်ကြယ်ပွင့် ဆာကာ ၊ စပါးနဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်တို့လို တောင်ပံတိုက်စစ် ကစားသမားကောင်း တဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာကြောင့် မတ်ဆန်ကို တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်လာအောင် ပုံသွင်းပေးနေတာပါ။

Photo Credit: Mundo Deportivo

ချယ်လ်ဆီး ၁-၁ နယူးကာဆယ် ပွဲအပြီးမှာလည်း ပိုချက်တီနိုက သူဟာ မတ်ဆန်ရဲ့ ခြေစွမ်းကို သဘောကျကြောင်းနဲ့ မတ်ဆန်ကို ရာသီသစ်မှာ ကစားခွင့်တွေ ပေးဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်က မတ်ဆန်ကို အရမ်း သဘောကျပါတယ်။ သူက ကျွန်တော့်ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်နေပါတယ်။ ကျွန်တော်က သူ့လို ကစားသမားမျိုးကို ရထားလို့ ပျော်မိပါတယ်။ သူက နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကောင်လေးပါ။ ပြီးတော့ သူက တော်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အတော်လေး အားရကျေနပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version