ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ပြင်သစ် လီဂူးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ကိုယ်ကာယ ကြံ့ခိုင်မှုကို အားအပြုရဆုံး လိဂ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး သူ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ထက်တောင် ကစားဖို့ ပိုမို ခက်ခဲကြောင်း သုံးသပ်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုဟာ ယခုနှစ်ရဲ့ ဇန်နဝါရီလမှ စတင်ကာ ပီအက်စ်ဂျီအသင်းကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပိုချက်တီနိုရဲ့ လက်အောက်မှာ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားနဲ့ ပြင်သစ် စူပါဖလား တို့ကို ရရှိထားပါတယ်။

Photo Credit: Marca

ဒါပေမယ့် ပိုချက်တီနို ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီအသင်းဟာ ၇နှစ် ဆက်တိုက် ရရှိခဲ့တဲ့ လိဂ်ဖလားကို လိုင်လီအသင်းထံ လွှဲပြောင်းပေးခဲ့ရသလို ရှုံးပွဲတွေလည်း အတော်လေး ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ပိုချက်တီနိုက လူတွေဟာ ပြင်သစ် လီဂူးဝမ်းနဲ့ ပတ်သတ်ပြီး အမြင်တွေ မှားယွင်းနေကြောင်းနဲ့ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ကစားရ အခက်ခဲဆုံး လိဂ်တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ပိုချက်တီနိုက – “ ကျွန်တော့်ရဲ့ အမြင်မှာတော့ လီဂူးဝမ်းပြိုင်ပွဲက ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး လိဂ်တခုပါ။ ဒီလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကလည်း အရည်အချင်းတွေ ရှိကြပါတယ်။ ပြီးတော့ လီဂူးဝမ်းပြိုင်ပွဲက ကမ္ဘာပေါ်မှာ ကိုယ်ကာယ ကြံ့ခိုင်မှု အားအပြုဆုံး လိဂ်တခုလည်း ဖြစ်ပါတယ်။ ဒီလိဂ်မှာ အရည်အသွေးမြင့် နည်းပြတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီလိဂ်ရဲ့ ပွဲစဉ်တိုင်းမှာ ခင်ဗျားတို့က အရည်အသွေးမြင့်တဲ့ ကစားပုံတွေကို မြင်တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီမှာ ရှိတဲ့ အသင်းတွေက ဘယ်တော့မှ အရှုံးပေးဖို့ စိတ်ကူး မရှိကြပါဘူး။ ဒါကြောင့် ဒီလိဂ်က အတော်လေးကို ကောင်းတဲ့ လိဂ်တခုလို့ မြင်ပြီး ဒီနေရာမှာ ရှိနေခွင့် ရလို့ ပျော်ရွှင်မိပါတယ်။ လီဂူးဝမ်းပြိုင်ပွဲက ပရီးမီးယားလိဂ်ထက် ပိုပြီး ကောင်းတဲ့ လိဂ်တခုလို့တော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီလိဂ်က ကမ္ဘာ့အခက်ခဲဆုံး လိဂ်တခုပါ” လို့ ပြောကြားခဲ့ပါတယ်။