MySport Myanmar

သူတို့အသင်းက ဖူလ်ဟမ်ကို ခြေအသာနဲ့ နိုင်ခဲ့တာလို့ ဂုဏ်ယူစွာ ပြောလာတဲ့ ပိုချက်တီနို

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာ ဧည့်သည် ချယ်လ်ဆီးက ဖူလ်ဟမ်ကို ပထမပိုင်း သွင်းဂိုး ၂ဂိုးနဲ့အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အမှတ်ပေးပြိုင်ပွဲမှာ ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနား ထိပ်သီးနည်းပြ ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပေါင် ၄၀၀သန်းကျော် အကုန်အကျ ခံကာ ကစားသမားသစ်တွေကို ခေါ်ယူထားပေမယ့် သူတို့အသင်းရဲ့ ရလဒ်တွေကတော့ သုံးစွဲထားတဲ့ ငွေကြေးနဲ့ မကိုက်ညီသေးပါဘူး။

Photo Credit: Standard

ချယ်လ်ဆီးက ဖူလ်ဟမ်နဲ့ ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၁ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားခဲ့ပြီး ဖူလ်ဟမ်ကို အနိုင်ရပြီးနောက်မှာတော့ ရမှတ် ၃မှတ် စုဆောင်းနိုင်မှုနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁၁နေရာဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ ချယ်လ်ဆီး ပွဲစဉ်မှာ နှစ်သင်းစလုံးက အနိုင်ရရှိဖို့ အတွက် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးကာ ယှဉ်ပြိုင်ခဲ့ကြပြီး ဧည့်သည် ချယ်လ်ဆီးက ဖူလ်ဟမ်ကို တပွဲလုံးနီးပါး ကစားကွက်အသာနဲ့ ဖိကစားနိုင်ခဲ့သလို ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို မူဒရစ်ခ်နဲ့ ကာလရှည် အနားယူနေရာကနေ ပြန်သက်သာလာတဲ့ တိုက်စစ်မှူး ဘရော်ဂျာတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Talksports

ဖူလ်ဟမ် ၀-၂ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့အသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ခြေအသာနဲ့ အနိုင်ကစားခဲ့တာ ဖြစ်ပြီး သူ့အသင်းရဲ့ ကစားပုံနဲ့ နိုင်ပွဲ အတွက် အရမ်းပျော်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့အသင်းရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို တိုးစေပါလိမ့်မယ်။ အသင်းရဲ့ ကစားပုံကလည်း အရမ်းကောင်းခဲ့ပါတယ်။ ဒီနေ့မှာ ကောင်လေးတွေရဲ့ ခြေစွမ်းကလည်း အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အရမ်းကို ပျော်နေပါပြီ။ ကျွန်တော်တို့တွေက ဒီနေ့မှာ ထိုက်တန်တဲ့ နိုင်ပွဲကို ရခဲ့တာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version