ဒီရက်ပိုင်းမှာ ဘောလုံးနည်းပြတွေရဲ့ အပြောင်းအရွှေ့တွေ အနာဂတ်အခြေအနေတွေက အတော်လေးကို လှုပ်ခတ်လို့နေရပြီး နည်းပြအပြောင်းအလဲတွေကလည်း ခပ်စိပ်စိပ်လေး ဖြစ်ပေါ်လို့နေပါတယ်။ ဒီလို ကောလဟာလတွေ ထွက်ပေါ်နေတဲ့ နည်းပြတွေထဲမှာ ပီအက်စ်ဂျီအသင်းရဲ့နည်းပြ မာရီစီယိုပိုချက်တီနိုပါ ပါဝင်လို့နေပြီး အသင်းဟောင်းစပါးနဲ့ရော နည်းပြသစ်တစ်ဦး ပြန်လည်ခန့်အပ်သွားဖို့ လိုအပ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ပါ သတင်းတွေ တောက်လျှောက်ကို ထွက်ပေါ်လို့နေရပါတယ်။

Photo Credit : The Guardian

လွန်ခဲ့တဲ့ ဇန်နဝါရီလကမှ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ပိုချက်တီနိုဟာ အသင်းနဲ့ ရာသီဝက်သာ ဖြတ်သန်းထားခဲ့ရသေးပြီး အသင်းအတွက် ပြင်သစ်ရှုံးထွက်ဖလား(၂)ခုကို ရယူပေးထားနိုင်ခဲ့ပေမယ့် လီဂူးမှာတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးအဆင့်ထိသာ ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ပီအက်စ်ဂျီအသင်းဘက်ကနေ လက်ခံထားပေမယ့် ကလပ်အသင်းဟောင်း စပါးနဲ့ရော သူ့ကို ယခင်ကတည်းက အလိုရှိနေတဲ့ ရီးယဲလ်အသင်းနဲ့ပါ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ ပိုချက်တီနိုဘက်က အသင်းမှာ ဆက်နေဖို့ထက် အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ကိုသာ ဆန္ဒရှိလာခဲ့ရပါတယ်။

Photo Credit : TEAMtalk

မော်ရင်ဟိုနဲ့ လက်တွဲဖြုတ်ပြီး ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ယာယီလက်ထောက်နည်းပြအဖြစ် တာဝန်ပေးခဲ့တဲ့ စပါးအသင်းဟာ လက်ရှိမှာ နည်းပြလစ်လပ်လျက်ရှိနေသလို အသင်းမှာကလည်း အဓိကကြယ်ပွင့် ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းဖို့အတွက် နည်းပြတစ်ဦး အမြန်လိုအပ်နေတာကြောင့် အသင်းသားတွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ပိုချက်တီနိုကို ပြန်လည်အလိုရှိနေတာဖြစ်ပါတယ်။ ဇီဒန်းနဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ ရီးယဲလ်အသင်းကလည်း လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အသင်းရဲ့ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားလူမျိုး နည်းပြပိုချက်တီနိုကို အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ်ပါ သတ်မှတ်ထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ပိုချက်တီနိုကိုယ်တိုင်က အသင်းနဲ့ လမ်းခွဲချင်လာပြီး အသင်းနဲ့ စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ အသင်းနဲ့ ပြန်လည်လက်တွဲဖြုတ်လိုတယ်လို့ အသင်းဘက်ကို အသိပေးလာခဲ့ပါတယ်။ သူရဲ့တောင်းဆိုချက်ကိုသာ ပီအက်စ်ဂျီအသင်းဘက်ကနေ လက်ခံလိုက်မယ်ဆိုရင် ပိုချက်တီနိုအနေနဲ့ အသင်းဟောင်း စပါးကို ပြန်လည်ရွေးချယ်မလား သူ ကျင်လည်ခဲ့ဖူးတဲ့ စပိန်မြေက ရီးယဲလ်မက်ဒရစ်အသင်းဆီကို ရောက်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။