ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံးသော ခြေစွမ်းတွေကို ပြသခဲ့ပြီး ပီအက်စ်ဂျီအတွက် ဟက်ထရစ်သွင်းဂိုးတွေကိုပါ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ လက်ရှိ ဘောလုံးလောကအတွင်းမှာ အထွန်းတောက်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်နေတယ်ဆိုပေမယ့်လည်း သူရဲ့ပီအက်စ်ဂျီအသင်းနဲ့ကတော့ စာချုပ်သက်တမ်းက အနည်းငယ်လောက်သာ ကျန်ရှိနေပါတော့တယ်။

Photo Credit : Football-Espana

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ကို ပီအက်စ်ဂျီဘက်ကနေ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုသွားဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းနေပေမယ့်လည်း သက်တမ်းတိုးမယ့်ကိစ္စက အခုအချိန်ထိကို တိုးတတ်မလာသေးပဲ ဒီအတိုင်းသာ ရှိနေပါတယ်။ ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အသည်းအသန် အလိုရှိနေသလို ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကလည်း ခေါ်ယူချင်နေတာကြောင့် ပီအက်စ်ဂျီဘက်ကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အလွယ်တကူ မဆုံးရှုံးစေဖို့အတွက် နှစ်ရှည်စာချုပ်ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

Photo Credit : Goal

ဘာပေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းရဲ့နည်းပြ မာရီစီယိုပိုချက်တီနိုက “ဘာပေ ပျော်ရွှင်စေဖို့အတွက် ပီအက်စ်ဂျီအသင်းဘက်ကနေ လိုအပ်သမျှကို ပေးစွမ်းသွားနိုင်ပါတယ်။ သူရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးတော့ကိုလည်း မကြာခင်အချိန်အတွင်းမှာ ရှင်းရှင်းလင်းလင်း သိလာရလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘာပေနဲ့နေမာတို့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေရာ နေမာကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ အခြေအနေကောင်းနေပေမယ့်လည်း ဘာပေရဲ့အခြေအနေကတော့ အခုထိကို ထူးမလာသေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လတ်တလောမှာလည်း ဘာစီလိုနာအသင်းရဲ့ Legend တစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့လည်း အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်လျက်ရှိနေတာဖြစ်ပေမယ့် နည်းပြပိုချက်တီနိုကတော့ မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူတို့ဘာမှ ပြောဆိုတာမရှိကြောင်းနဲ့ အသင်းကနေ သူ့ကို ခေါ်ယူဖို့ရှိမရှိဆိုတာကိုလည်း သူမသိရှိကြောင်း တုံ့ပြန်ပြောဆိုထားခဲ့ပါတယ်။