ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာက နိုက်စ်ကို အမှတ်မထင် အရေးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ ခြေစွမ်းပိုင်းက နိုင်ပွဲရဖို့ မလုံလောက်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လီဂူးဝမ်းရဲ့ အဆင့်၂နေရာမှာ ရပ်တည်နေတဲ့ နိုက်စ်နဲ့ အဆင့်၁နေရာက ပီအက်စ်ဂျီတို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းဟာ များစွာ ကွာဟလှခြင်း မရှိပေမယ့် နိုက်စ်ရဲ့ လူစားဝင် တိုက်စစ်မှူး ဒီလော့က ရလာတဲ့ အခွင့်အရေးကို အပိုင် အသုံးချနိုင်ခဲ့တာကြောင့် နိုက်စ်ဟာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပီအက်စ်ဂျီကို အနိုင်ရကာ အဖိုးတန် နိုင်ပွဲတပွဲကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Bein Sports

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို အနားပေးခဲ့ပေမယ့် နေမာ ၊ မက်ဆီ ၊ ဒီမာရီယာ စတဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပြီး မက်ဆီ ဦးဆောင်လာတဲ့ တိုက်စစ်ပိုင်းက နိုက်စ်ရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်စွမ်း နည်းပါးခဲ့တာကြောင့်သာ ပီအက်စ်ဂျီအနေနဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရတာပါ။

နိုက်စ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုက သူတို့အသင်းဟာ ဒီပွဲမှာ သရေတမှတ် ရခဲ့သင့်ကြောင်း ငြီးတွားခဲ့သလို နှစ်သင်းစလုံး အတွက် သရေရလဒ်ကသာ မျှတတဲ့ ရလဒ်တခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bein Sports

ပိုချက်တီနိုက – “ကျွန်တော်တို့က ဒီပွဲဟာ သရေရလဒ်နဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ နှစ်သင်းစလုံးက အနိုင်ရဖို့ အတွက် လုံလောက်တဲ့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့လို့ပါပဲ။ ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့တယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ အမှားတခု ကနေ ပေးဂိုး တဂိုး ခွင့်ပြုလိုက်ရပြီး ဒီပွဲမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး များများစားစားတော့ ပြောစရာ မရှိပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။