ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ထားရပေမယ့် ဆုဖလား တလုံးကို အမိအရ ရယူနိုင်ဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပေါင် ၄၀၀သန်းကျော် အကုန်အကျ ခံကာ ကစားသမားသစ်တွေ ဝယ်ယူထားပေမယ့် ဒီရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ပြိုင်ပွဲစုံ ၇ပွဲ ကစားထားရာ ၂ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုး တခုကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Goal

ဒါ့အပြင် ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့သလို နော်တင်ဟမ် ဖောရက်စ် ၊ ဗီလာ စတဲ့ အသင်းငယ်တွေကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပဲ ၀-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အရှုံးပေးထားရပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ပိုချက်တီနိုရဲ့ ချယ်လ်ဆီးဟာ ဒီရာသီမှာ ဥရောပဝင်ခွင့် ရဖို့ အတော်လေး ရုန်းကန်ရမှာ ဖြစ်သလို ဆုဖလား အောင်မြင်မှု ရရှိဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြတာပါ။

Photo Credit: Team Talk

၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေသလို တိုက်စစ်ပိုင်းကလည်း အတော်လေး အားလျော့နေပေမယ့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ သူ့အသင်းဟာ မကြာခင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လိမ့်မယ်လို့ ယုံကြည်နေသလို ဒီရာသီမှာ ဆုဖလား တလုံး ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်တို့ရဲ့ ဒီရာသီ ရည်မှန်းချက်တွေထဲမှာ ဆုဖလား တလုံး ရယူဖို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့က ဆုဖလား တလုံး ရယူနိုင်မယ့် အခွင့်အရေးတွေကို ရှာဖွေရပါမယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကြုံတွေ့ခဲ့ရတဲ့ ရလဒ်ဆိုးကြောင့် ခံစားချက်တွေ အကောင်းကြီး မဟုတ်နေပေမယ့် ဖလားယူရမယ် ဆိုတဲ့ အသိက ကစားသမားတွေရဲ့ ယုံကြည်မှုတွေကို မြင့်တက်စေပါလိမ့်မယ်” လို့ ချယ်လ်ဆီးနဲ့ ဘရိုက်တန်ပွဲ အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ယနေ့ညမှာ ကာရာဘောင်းဖလား ၃၂သင်းအဆင့်ပွဲ အဖြစ် ခြေစွမ်းတက်နေတဲ့ ဘရိုက်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာသာ ချယ်လ်ဆီးက အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်မယ့် အားအင်တခုကို ရရှိမယ် ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။