မကြာသေးမီကမှ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ လမ်းခွဲထားရတဲ့ နာမည်ကြီးနည်းပြ ပိုချက်တီနိုက သတင်းတွေ ထွက်နေသလို ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်ခံရအောင် လုပ်ဆောင်ခဲ့သူ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် နာမည်ကြီး အာဂျင်တီးနား နည်းပြဖြစ်သူ ပိုချက်တီနိုက ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ပီအက်စ်ဂျီကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အသင်းကို ၂ရာသီသာ ကိုင်တွယ်ခဲ့ရပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Fot Mob

ပိုချက်တီနိုရဲ့ လက်ထက်မှာ ပီအက်စ်ဂျီက မက်ဆီ ၊ ရာမို့စ် ၊ ဒွန်နာရမ်မာတို့လို ထိပ်တန်းကြယ်ပွင့်တွေကို ခေါ်ယူ အားဖြည့်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မျှော်မှန်းထားသလို အောင်မြင်မှုတွေ မရခဲ့သလို ပြည်တွင်းပြိုင်ပွဲမှာလည်း ၂နှစ်မှာ ချန်ပီယံ ၁ခါထဲသာ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ ပြင်သစ်လူမျိုးနည်းပြ ဂယ်လ်တီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့သလို မကြာမီကမှ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်အောင် ပီအက်စ်ဂျီ ဘုတ်အဖွဲ့ဆီ တောင်းဆိုခဲ့ကြောင်း ကောလဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် ပိုချက်တီနိုကတော့ အမ်ဘာပေဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်ခံရအောင် လုပ်ခဲ့တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ အသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော့်အမြင်မှာတော့ ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းမှာ ဆက်နေအောင်လို့ အစွမ်းကုန် ကြိုးစားခဲ့ရပုံပါပဲ။ ကျွန်တော်ကလည်း အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားမယ့် အစီအစဉ်ကို သဘောတူပါတယ်။ အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်သလို ပီအက်စ်ဂျီကလည်း သူ့ကို အသင်းမှာ ဆက်ထိန်းနိုင်အောင် လုပ်ဆောင်နိုင်စွမ်း အပြည့် ရှိပါတယ်။ ဒါပေမယ့် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ စီမံကိန်းအသစ်ကို ချမှတ်ခဲ့တဲ့လူ မဟုတ်ပါဘူး။ (သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မှုအား ရည်ရွယ်လျက်) အသင်းရဲ့ စီမံကိန်းအသစ်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူဟာ ဥက္ကဌပါ။ သူကပဲ အသင်းအနေနဲ့ နောက်ထပ် စီမံကိန်းအသစ် တခု ၊ လမ်းကြောင်းတခုကို လိုအပ်နေပြီလို့ တွေးခဲ့သူပါ” လို့ ထုတ်ပြောသွားခဲ့တာပါ။