မကြာသေးမီကပဲ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ နာမည်ကြီးနည်းပြ ပိုချက်တီနိုက နောက်ထပ် ပြင်သစ် လီဂူးဝမ်းအသင်း တသင်း ဖြစ်တဲ့ နိုက်စ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ ပိုချက်တီနိုက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် လတ်တလောမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ မရှိသေးတာကြောင့် သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ပိုချက်တီနိုဟာ ပီအက်စ်ဂျီနဲ့ မကြာသေးမီကပဲ လမ်းခွဲထားရပေမယ့် နည်းပြလောကထဲကို ခပ်မြန်မြန် ပြန်လည် ဝင်ရောက်ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ နည်းပြချုပ် ဂယ်လ်တီယာကို ပီအက်စ်ဂျီထံ လက်လွှတ်ခဲ့ရတဲ့ နိုက်စ်က ပိုချက်တီနိုကို သူတို့ရဲ့ နည်းပြချုပ် အဖြစ် ပြန်လည် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာန တချို့က ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုက်စ်က ဂယ်လ်တီယာကို ဆုံးရှုံးခဲ့ရပြီးနောက် ဒေါ့မွန်နည်းပြဟောင်း ဖက်ဗ်ရီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် ဖက်ဗ်ရီရဲ့ လက်အောက်မှာ အသင်းရဲ့ ရလဒ်ပိုင်းဟာ ထင်ထားသလို မကောင်းမွန်ခဲ့တာကြောင့် ဖက်ဗ်ရီကို ထုတ်ပယ်ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ နိုက်စ်ရဲ့ တာဝန်ရှိသူ တချို့နဲ့ ပိုချက်တီနိုရဲ့ အေးဂျင့်တို့ဟာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး ပိုချက်တီနိုက လတ်တလောမှာ ဥရောပ အသင်းကြီး တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ကို ကိုင်တွယ်ဖို့ စောင့်ကြည့်နေပေမယ့် အကယ်၍ နိုက်စ်ကသာ သူ လိုချင်တဲ့ လုပ်ခလစာ ၊ သူ လိုချင်တဲ့ ပြောင်းရွှေ့ကြေးတွေ ပေးမယ် ဆိုရင် နိုက်စ်ကို ကိုင်တွယ်ကာ ပီအက်စ်ဂျီအနေနဲ့ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ မှားယွင်းကြောင်းအား သက်သေပြချင်နေကြောင်းလည်း နီးစပ်သူတွေက ပြောကြားထားကြပါတယ်။