ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယမန်နေ့က ကစားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး ပွဲစဉ်၉ အဖြစ် ရန်းနက်စ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို အဆိုပါပွဲစဉ်မှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။

Photo Credit: Standard

ပီအက်စ်ဂျီအသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို ထုတ်သုံးခဲ့သလို ကွင်းလယ်ပိုင်းမှာလည်း ဒီမာရီယာ ၊ ဗာရက်တီတို့လို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် တကြိမ်မှ မပြုလုပ်နိုင်ခဲ့တာက အတော်လေးကို ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကလည်း သူတို့အသင်းရဲ့ ဒီရာသီ ပထမဦးဆုံး လီဂူးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့အပြီးမှာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အနည်းငယ် ဆိုးဝါးခဲ့ကြောင်းနဲ့ တိုက်စစ်မှူးတွေ အစုံအလင် အသုံးပြုခဲ့ပေမယ့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

ပိုချက်တီနိုက – “ဒီပွဲကို ရှုံးနိမ့်ခဲ့တဲ့ အတွက် နည်းနည်းတော့ စိတ်ပျက်မိတာ အမှန်ပါ။ ဘယ်သူမှလည်း ရှုံးပွဲကြုံတွေ့ရလို့ ပျော်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်တို့က ရန်းနက်စ်အသင်းရဲ့ စွမ်းဆောင်ရည်ကို အထင်မသေးခဲ့ပါဘူး။ ဒါပေမယ့် ရှုံးပွဲ ကြုံတွေ့ခဲ့ရလို့ အတော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေး များစွာ ရရှိခဲ့ပေမယ့် ပေးဂိုးတွေပဲ ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် ဒီရလဒ်က ကျွန်တော်တို့ လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့ ရလဒ်တခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။