ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းနိုင်ခဲ့ပေမယ့် VARကြောင့် ပယ်ဖျက်ခံခဲ့ရပြီးနောက် VARဟာ ဘောလုံးလောကကို ဖျက်ဆီးနေတဲ့ စနစ်တခုပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဥရောပဝင်ခွင့် ရချင်ရင် လက်ကျန်ပွဲ အားလုံးကို အနိုင်ကစားဖို့ လိုအပ်ခဲ့ပေမယ့် ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာတော့ ကံဆိုးစွာနဲ့ သရေ ၁မှတ်ပဲ ရခဲ့ပါတယ်။ ဗီလာနဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ အိမ်ရှင် ဗီလာက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှားခံလို့ မရတာကြောင့် အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့သလို ဧည့်သည် ချယ်လ်ဆီးကလည်း ဥရောပဝင်ခွင့် ရဖို့ ရမှတ်တွေ လိုအပ်နေတာကြောင့် အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။

Photo Credit: Football 365

နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီအတွက် ကြိုးစားနေကြတာကြောင့် ပွဲစပွဲဆုံး အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင် ဗီလာက ခြေစွမ်း ပိုသာခဲ့ကာ ဦးဆောင်ဂိုး ၂ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဗီလာက ကူကူရယ်လာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ရော်ဂျာရဲ့ တိကျတဲ့ ကန်သွင်းချက်တွေ ကနေ ဦးဆောင်ဂိုးတွေ ရခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ပိုချက်တီနိုရဲ့ နည်းဗျူဟာ အပြောင်းအလဲ တချို့ကြောင့် ချယ်လ်ဆီးရဲ့ ကစားပုံက တက်လာခဲ့ပြီး ပွဲချိန် ၆၂မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ခီက ချယ်လ်ဆီးအတွက် ပထမ ချေပဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၈၁မိနစ်မှာ တပွဲလုံး ခြေစွမ်းပြ ကစားနေတဲ့ အသင်းခေါင်းဆောင် ဂါလက်ချာက လှပတဲ့ ဘယ်ခြေ ဝေ့ဝိုက်ကန်ချက်နဲ့ ချယ်လ်ဆီးအတွက် ဒုတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: ESPN

နှစ်ဂိုးပြတ် ရှုံးနိမ့်နေမှုကို လိုက်လံ ချေပနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ ကစားသမားတွေက စိတ်ဓာတ် တက်လာပြီး နောက်ကျအနိုင်ဂိုး သွင်းယူနိုင်ဖို့ အရှိန်မြှင့် ကြိုးစားလာခဲ့ကာ ပွဲချိန် ၉၀+၅မိနစ်မှာ ဘာဒီယာရှီလေရဲ့ ပေးပို့မှု ကနေ ဒီဆာဆီက ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့ပေမယ့် VARဒိုင်က ဘာဒီယာရှီလေဟာ ပြိုင်ဘက် ကစားသမားကို တွန်းခဲ့တာကြောင့် ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပြီး ချယ်လ်ဆီးရဲ့ အနိုင်ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

နောက်ဆုံးမိနစ်အနိုင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် VARကြောင့် ပယ်ဖျက်ခံခဲ့ရတဲ့ အတွက် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အတော်လေး ဒေါသထွက်နေပြီး VARစနစ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ပိုချက်တီနိုက – “VARက အင်္ဂလန်ဘောလုံးလောကကို ဖျက်ဆီးနေတာပါ။ VARကြောင့် ဘောလုံးလောကရဲ့ ပုံရိပကလည်း ထိခိုက်နေပါပြီ။ အဲ့ဒါက သေချာပေါက် ဂိုးပေးရမယ့် သွင်းဂိုးပါ။ ကျွန်တော်တို့ရဲ့ ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်က မယုံကြည်နိုင်စရာ ကောင်းသလို ဟာသလည်း ဆန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းကလည်း မန်ချက်စတာ စီးတီးက လက်ထိဘော ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့တွေ ပင်နယ်တီ မရခဲ့ပါဘူး” လို့ ပြောကာ VARကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။