ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ချိန်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ ကစားသမားတွေရဲ့ အဆုံးသတ် အားနည်းချက်ကြောင့် ဖြစ်ကြောင်း ငြီးတွားလာခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တာကြောင့် ပိုချက်တီနိုဟာ နော်တင်ဟမ် ဖောရက်စ်လို အသင်းငယ်နဲ့ တွေ့ဆုံချိန်မှာ ရမှတ် ၃မှတ် အပြည့်ယူဖို့ အားခဲထားခဲ့ပြီး အဓိက ကစားသမား အစုံအလင်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းကာ နော်တင်ဟမ် ဖောရက်စ်ကို ယှဉ်ပြိုင် ကစားစေခဲ့ပါတယ်။

Photo Credit: Euro Sports

စတိဗ် ကူးပါး ဦးဆောင်နေတဲ့ နော်တင်ဟမ် ဖောရက်စ်ကတော့ အဝေးကွင်း ဖြစ်သလို ပြိုင်ဘက်ကလည်း အသင်းကြီး ဖြစ်နေတာကြောင့် ခံစစ်ပိုင်းကိုသာ အဓိက ဦးစားပေး ကစားသွားခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်ကြောင့် ချယ်လ်ဆီးတို့ စိတ်ထင်တိုင်း ကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်က ကြံ့ခိုင်မှု အသားပေးကာ တွန်းတွန်းတိုက်တိုက် ကစားနေချိန်မှာ ချယ်လ်ဆီးဘက်က ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ဖောက်ဝင်မယ့် ကစားသမား မရှိတာကြောင့် အပိုင် ဂိုးသွင်းခွင့်တွေ ရရှိဖို့ ရုန်းကန်ခဲ့ရသလို ဂိုးသွင်းခွင့်တွေ ရရှိလာချိန်မှာလည်း ဂျက်ဆန် ၊ ချီဝဲလ် စတဲ့ အဓိက ကစားသမားတွေက သေချာ အဆုံးမသတ်နိုင်ခဲ့ပဲ ပွဲချိန် ၄၈မိနစ်မှာတော့ အီလန်ဂါက နော်တင်ဟမ် ဖောရက်စ် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးက ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် နော်တင်ဟမ် ဖောရက်စ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ကာ ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို မြည်းစမ်းခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့အသင်းရဲ့ အဆုံးသတ် အားနည်းချက်ကို မီးမောင်းထိုး ဝေဖန်သွားခဲ့ပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်တို့က ဂိုးပေါက်ရှေ့မှာ အဆုံးသတ်တွေ မကောင်းခဲ့ကြပါဘူး။ ကျွန်တော်တို့က အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့ကြပေမယ့် သေချာ အဆုံးမသတ်နိုင်ခဲ့ကြဘူး။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့က ဒီပွဲမှာ မနိုင်ခဲ့တာပါ။ ကျွန်တော်တို့က ဒီပွဲကို အနိုင်ရခဲ့သင့်ပေမယ့် မဖြစ်သင့်တဲ့ အမှားတခုကို ကျူးလွန်မိခဲ့ပါတယ်။ အဲ့ဒီအမှားကြောင့်ပဲ ကျွန်တော်တို့တွေ ရှုံးနိမ့်ခဲ့ရပြီး ဒီရှုံးပွဲကြောင့် ကျွန်တော်တို့ အားလုံး စိတ်ပျက်နေကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။