လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးအသင်းရဲ့နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုအနေနဲ့ ကစားသမားဘဝတုန်းက ကျင်လည်ဖြတ်သန်းခဲ့ဖူးတဲ့ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးကို ဝင်ရောက်ဆောင်ရွှက်ဖြစ်ခဲ့မယ်ဆိုရင် အသင်းဆီကို ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို ခေါ်ယူသွားနိုင်တယ်လို့ အီတလီအခြေစိုက် Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သူတို့ရဲ့နည်းပြသောမတ်စ်တူဟယ်လ်ကို ရုတ်တရက် ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် တူဟယ်လ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာဖို့အတွက် ကစားသမားဟောင်း ပိုချက်တီနိုက ရေပန်းစားလာခဲ့ပြီး တချို့သတင်းမီဒီယာတွေမှာဆိုရင်လည်း ပီအက်စ်ဂျီက ပိုချက်တီနိုကို ခန့်အပ်ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ လက်ရှိအနေအထားတွေအရဆိုရင်လည်း ပိုချက်တီနိုကသာ ပီအက်စ်ဂျီနည်းပြသစ် ဖြစ်လာဖို့က ရာခိုင်နှုန်းအရမ်းများနေပြီး သူသာ အသင်းကို ရောက်လာခဲ့မယ်ဆိုရင် ဘယ်ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်နိုင်မလဲဆိုတာကိုလည်း အားလုံးက စိတ်ဝင်တစားနဲ့ သိရှိချင်နေကြပါတယ်။

Photo Credit : Goal

လတ်တလော အီတလီသတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေအရ ပိုချက်တီနိုအနေနဲ့ ပီအက်စ်ဂျီအသင်းနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် အသင်းဆီကို သူနဲ့တစ်နိုင်ငံတည်းသား ကစားသမားတွေကို ပိုမိုဦးစားပေးခေါ်ယူနိုင်တာကြောင့် ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားကို ဦးစားပေးပစ်မှတ်ထားလိမ့်မယ်လို့ သိရှိရပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ ဒီဘားလားကတော့ ဒီနှစ်ရာသီအတွင်း နည်းပြသစ်ပီယာလိုရဲ့လက်အောက် ပွဲထွက်ခွင့်တွေက အကန့်အသတ်တွေ ရှိလို့နေသလို စာချုပ်သစ်ကိစ္စကလည်း ကြန့်ကြာမှုတွေရှိနေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိနေပြီး ဒီအခြေအနေတွေကို ပီအက်စ်ဂျီအသင်းနည်းပြသစ် ဖြစ်လာနိုင်တဲ့ ပိုချက်တီနိုကနေ စောင့်ကြည့်ဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုဟာ ပီအက်စ်ဂျီနည်းပြ ဖြစ်လာတဲ့အချိန်မှာ အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီကို အသင်းမှာ နေရာတွေ ပြန်လည်ပေးလာနိုင်သလို သူယခင်ကိုင်တွယ်ခဲ့ဖူးတဲ့ စပါးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဒယ်လီအလီ ဂိုးသမား ဂါဇာနီကာ နောက်ခံလူ ဟွမ်ဖွိုက်တို့ကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်သလို အင်တာမီလန်မှာ အနာဂတ်မရှိတော့တဲ့ သူရဲ့တပည့်ဟောင်း ခရစ္စတီယန်အဲရစ်ဆင်ကိုပါ ပီအက်စ်ဂျီအသင်းဆီ ခေါ်ဆောင်သွားဖွယ် ရှိနိုင်ပါတယ်။