ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီဟာ မကြာခင်မှာ ယှဉ်ပြိုင် ကစားရတော့မယ့် ဥရောပ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါက အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ထိပ်တန်းနည်းပြ တဦး ဖြစ်သူ အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ စပါးတို့ကို အကောင်းမွန်ဆုံး ကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြကောင်း တဦး ဖြစ်ပြီး သူက ပီအက်စ်ဂျီကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ တာဝန်ယူ ကိုင်တွယ်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ပိုချက်တီနိုရဲ့ လက်အောက်မှာ ပီအက်စ်ဂျီဟာ ရသင့်ရထိုက်တဲ့ ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း လီဂူးဝမ်း ချန်ပီယံဖြစ်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပေမယ့် ပီအက်စ်ဂျီ ဘုတ်အဖွဲ့နဲ့ ပိုချက်တီနိုတို့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ ဘုတ်အဖွဲ့ဟာ ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေကို ကိုင်တွယ်ပုံတွေအား သဘောကျ နှစ်သက်ခြင်း မရှိသလို ပြင်သစ်ဖလား ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ကနေ မထင်မှတ်ပဲ ထွက်ခွာခဲ့ရတဲ့ အချက်က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်နိုင်တဲ့ အကြောင်းပြချက် တခု ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Marca

ဒါ့အပြင် ပိုချက်တီနိုနဲ့ ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့ ကြားမှာ ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပြီး ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လီယိုနာဒိုဘက်က ပိုချက်တီနိုရဲ့ တောင်းဆိုမှုကို လျစ်လျူရှုခဲ့ကြောင်းလည်း Goal သတင်းဌာနက ဆိုပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲ ၂ပွဲဟာ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီ နည်းပြဘဝကို ဆုံးဖြတ်ပေးမယ့် ပွဲတွေ ဖြစ်ကြပြီး အကယ်၍ ပီအက်စ်ဂျီကသာ ၁၆သင်းအဆင့် ကနေ လှည့်ပြန်ခဲ့ရရင် ပိုချက်တီနို တယောက် အထုတ်ဆွဲပြီး အိမ်ပြန်ရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပိုချက်တီနိုနဲ့ ပီအက်စ်ဂျီတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ပီအက်စ်ဂျီကသာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိပါတယ်။