ပြင်သစ် နာမည်ကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ထိပ််တိုက်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေသာ ထွက်ခွာခဲ့ရမယ်ဆိုရင် အသင်းဘက်ကနေ လက်ရှိအသင်းနည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နည်းပြဇီဒန်းနဲ့ ချက်ချင်းအစားထိုးနိုင်ဖွယ် ရှိနေတယ်လို့ သတင်းများစွာက ဖော်ပြထားကြပါတယ်။
Photo Credit : Foot Mercato
ပီအက်စ်ဂျီအသင်းဟာ လီဂူးအမှတ်ပေးဇယားမှာ ရမှတ်(၅၃)မှတ်နဲ့ ဇယားထိပ်ဆုံးနေရာကနေ ရပ်တည်လို့နေပြီး ဒုတိယနေရာက နိုက်စ်အသင်းကို ရမှတ်(၁၁)မှတ်ထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ ပြင်သစ်ဖလား ရှုံးထွက်ပွဲစဉ်မှာတော့ နိုက်စ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားရဲ့ လက်ရှိချန်ပီယံအသင်း ဖြစ်နေပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ (၁၆)သင်းအဆင့်မှာပဲ ရှုံးပွဲတွေ့ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် ဒီနှစ်ရာသီအကုန်မှာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ပိုချက်တီနိုကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ပါတယ်။
Photo Credit : Sports Mole
ဒီလို အခြေအနေ ရှိနေရတဲ့ ပိုချက်တီနိုဟာ အသင်းကို ဖေဖော်ဝါရီ (၁၅)ရက်နေ့နဲ့ မတ်လ (၉)ရက်နေ့တွေမှာ ရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်တွေအတွင်း ရလဒ်ကောင်းရအောင် မစွမ်းပေးနိုင်ခဲ့ပဲ ပြိုင်ပွဲကနေသာ ထွက်သွားရမယ်ဆိုရင်တော့ ပီအက်စ်ဂျီဘက်ကနေ သူ့ကို ရာသီကုန်အထိ မစောင့်ဆိုင်းတော့ပဲ ရာထူးကနေ ချက်ချင်းထုတ်ပယ်နိုင်သလို သူ့နေရာမှာလည်း အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ အစားထိုးလာနိုင်တယ်လို့ ပြင်သစ်အားကစားရုပ်သံက ဖော်ပြသွားခဲ့ပါတယ်။ တကယ်တော့ ပီအက်စ်ဂျီအသင်းဟာ ရာသီအကုန်မှာ ပိုချက်တီနိုနဲ့ လမ်းခွဲပြီး ရီးယဲလ်အသင်းကို အောင်မြင်မှုတွေ များစွာရယူပေးထားတဲ့ ဇီဒန်းနဲ့ ပြန်လည်အစားထိုးသွားဖို့ စီစဉ်ထားတာဖြစ်သလို ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ရနိုင်တဲ့ ပိုချက်တီနိုကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းကနေ စောင့်ကြည့်လို့နေပါတယ်။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်အများစုကတော့ ပီအက်စ်ဂျီမှာ ရုန်းကန်နေရတဲ့ ပိုချက်တီနိုထက် အေဂျက်စ်နည်းပြ တန်ဟက်ဂ်ကိုသာ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ရွေးချယ်ခန့်အပ်စေချင်နေတယ်လို့ သိရပါတယ်