ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ပိုချက်တီနို ဟာ ရုရှားအသင်း တစ်သင်းဖြစ်တဲ့ ဇင်းနစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရုရှားအခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၄၈နှစ် အရွယ် အာဂျင်တီးနားလူမျိုး နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ဝက်လောက်မှာ စပါးအသင်း ကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး စပါးအသင်းကနေ ထွက်လာပြီးတဲ့ အချိန်မှာ ဥရောပ ထိပ်သီးအသင်း အများစုနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ သူ့ကို ခေါ်ယူမယ့် အသင်းတွေ ရေရေရာရာ ရှိမနေခဲ့ပါဘူး။

Photo Credit: Mirror

ဒါ့ကြောင့်ပဲ ပိုချက်တီနိုဟာ နည်းပြဘဝထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အတွက် စိုင်းပြင်းနေပြီး ရုရှား ထိပ်သီးအသင်း ဖြစ်တဲ့ ဇင်းနစ်အသင်းကတော့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဆီမက်ရဲ့ နေရာမှာ ပိုချက်တီနို ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ပိုချက်တီနိုဟာ နည်းပြဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို မရသေးပေမယ့် သူကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ယခင်ကထက် တစ်ဆင့်မြင့်တဲ့ အနေအထားကို ရောက်သွားတတ်ကြသလို သူ့ရဲ့ နည်းစနစ်ပိုင်း ၊ ကစားသမားတွေကို ကိုင်တွယ်ပုံ ညင်သာမှုတွေကြောင့် သူဟာ ဥရောပရဲ့ ထိပ်သီးနည်းပြတွေထဲက တစ်ဦးဖြစ်ကြောင်း ဘောလုံး ပရိသတ် အများစုက လက်ခံထားကြပါတယ်။

Photo Credit: Mirror

ရုရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုဟာ မန်စီးတီးအသင်း ၊ မန်ယူအသင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတို့ ထဲက တစ်သင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပေမယ့် အဆိုပါအသင်းတွေမှာ နည်းပြသစ် အဖြစ် လုပ်ကိုင်ဖို့ အချိန်အနည်းငယ် စောင့်ဆိုင်းရဖွယ် ရှိတာကြောင့် အဆိုပါ အချိန်အတွင်းမှာ ဇင်းနစ်အသင်းကို လာရောက် ကိုင်တွယ်ဖို့ စိတ်ကူးရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဇင်းနစ်အသင်းဟာ ပိုချက်တီနိုကို တစ်နှစ်လုပ်ခ ပေါင် ၆သန်း ပေးချေမယ်လို့ ကမ်းလှမ်း ထားပြီး အဆိုပါ ပမာဏဟာ ပိုချက်တီနို တစ်ယောက် စပါးအသင်းမှာ ရရှိတဲ့ လုပ်ခလစာထက် ပေါင် ၂.၅သန်း လျော့နည်းပေမယ့် ပိုချက်တီနိုဟာ ဇင်းနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူ လက်ခံဖွယ် ရှိနေကြောင်း သိထားရပါတယ်။