ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက ဒိုင်တွေရဲ့ ဘက်လိုက်မှုကြောင့် လို့ ပွဲအပြီးမှာ ဒေါသတကြီး ဝေဖန်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ပြင်သစ်မြေမှာ ဧည့်ခံ ကစားခဲ့စဉ်က ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့မှာ အနိမ့်ဆုံး သရေရလဒ် ရအောင် ကစားနိုင်ရုံနဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၂ ဆိုတဲ့ ရလဒ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီဟာ အဓိက တိုက်စစ်မှူး အမ်ဘာပေရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့သလို ပထမပိုင်း ပြီးဆုံးချိန်မှာလည်း ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားသမားတွေရဲ့ တဦးချင်းအမှား ၊ အာရုံစူးစိုက်မှု လျော့နည်းတာတွေကြောင့်ပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ၃-၁ ပီအက်စ်ဂျီ ပွဲစဉ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် တချို့က အငြင်းပွားစရာ အနည်းငယ် ရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပထမ ချေပဂိုးမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာက ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာ အပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့ပုံပေါ်ပေမယ့် ဒိုင်တွေကတော့ အဆိုပါသွင်းဂိုးကို မပယ်ဖျက်ခဲ့ပဲ သွင်းဂိုး အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

Photo Credit: Marca

ပီအက်စ်ဂျီနည်းပြ ဖြစ်သူ ပိုချက်တီနိုကတော့ ဘန်ဇီမာရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး ဒေါသထွက်နေပြီး ဒိုင်တွေက ရီးရဲလ်မက်ဒရစ်ဘက်ကို အလေးပေး ဆုံးဖြတ်ခဲ့တယ်လို့လည်း စွပ်စွဲသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့ ခွင့်ပြုလိုက်ရတဲ့ ပထမ ချေပဂိုးကြောင့် ဒီပွဲမှာ မတရားမှုတွေ ရှိနေတယ်လို့ ခံစားနေရပါတယ်။ အဲ့ဒီဂိုးမှာ ဘန်ဇီမာက ဒွန်နာရမ်မာအပေါ် သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။ အဲ့ဒီဂိုးကြောင့်ပဲ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ခံစားချက်တွေ ရှုပ်ထွေးခဲ့ရပြီး ကျွန်တော်တို့ရဲ့ ကစားပုံလည်း ပြိုကွဲခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ အတွက် စိတ်ပျက်စရာ ရလဒ်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ နှစ်ပွဲစလုံးမှာ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ၁-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားတဲ့ အချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က ဆုံးရှုံးစရာ မရှိတော့တဲ့ အတွက် တောက်လျှောက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ချေပဂိုးကလည်း ဒွန်နာရမ်မာရဲ့ အမှားကြောင့် မဟုတ်ပါဘူး။ ဒါက ပြစ်ဒဏ်ဘော ဆိုတာ သိသာလွန်းပါတယ်။ ကျွန်တော်က အဲ့ဒီဂိုးကို အကြိမ် ၃၀ ၊ ၄၀လောက် ပြန်ကြည့်ပြီးပါပြီ” လို့ ဒေါသတကြီး ဝေဖန်သွားခဲ့တာပါ။