အမေရိကန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက သူ့အသင်းဟောင်း တော့တင်ဟမ် ဟော့စပါးအသင်းဆီကို တစ်ချိန်ချိန်မှာ ပြန်လာဖို့က သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း အတိအလင်း ဝန်ခံသွားခဲ့ပေမယ့် ဘယ်အချိန်မှာ ဖြစ်လာမလဲကိုတော့ မသေချာဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ စပါးနည်းပြအဖြစ် ဆောင်ရွှက်ခဲ့တုန်းက အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထိပါ ပို့ဆောင်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာတော့ စပါးအသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ ပိုချက်တီနိုက စပါးကို (၅)နှစ်ခွဲ တာဝန်ယူခဲ့စဉ်အတွင်း ပွဲပေါင်း(၂၉၃)ပွဲထိ ကိုင်တွယ်ခဲ့ပါတယ်။ စပါးကနေ ထွက်ခွာပြီးရချိန်မှာလည်း ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတွေကိုပါ ထပ်မံ ကိုင်တွယ်ခဲ့ပါသေးတယ်။

Photo Credit : Goal

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာတော့ ပိုချက်တီနိုက အမေရိကန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အမေရိကန်အသင်းကို ဦးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ ပိုချက်တီနိုဟာ အဲဒီတာဝန်အတွက် (၆)ပွဲသာ ကိုင်တွယ်ထားပေမယ့် ပရီးမီးယားလိဂ်မှာ နောက်ထပ် တာဝန်ယူဖို့က သူ့ရဲ့ ရေရှည်အစီအစဉ်တွေထဲမှာ ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုက talkSPORT နဲ့ အင်တာဗျူး အစီအစဉ်မှာ “ရိုးရိုးသားသားပြောရရင် ကျွန်တော်က အသင်းကနေ ထွက်ခွာတဲ့နေ့မှာ တစ်နေ့နေ့မှာ ပြန်လာမယ်လို့ အမြဲတွေးခဲ့တယ်။ အမေရိကန် အမျိုးသားအသင်းက ကမ်းလှမ်းမှု မရခင်ကတည်းက တွေးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က ပြန်လာဖို့ တွေးခဲ့တာပါ။”

Photo Credit : Eurosport

“ကျွန်တော် ထွက်ခွာခဲ့တဲ့နေ့မှာ စပါးအသင်းကို တစ်နေ့နေ့မှာ ပြန်လာချင်တယ်လို့ တွေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ပြောခဲ့သလိုပဲ ကျွန်တော်ထွက်ခွာတဲ့အချိန်မှာ ကျွန်တော်က လစ်ဟာနေသလို ခံစားရတယ်။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုလို ဖြစ်ခဲ့တယ်။ ဒါကြောင့်ပါ။ ဒါက ခံစားချက်တစ်ခုပါ။ ဒါက အိပ်မက်တစ်ခုပါ။”

“ဘယ်လိုယူရမလဲ ဒါမှမဟုတ် ကျွန်တော် ဘယ်လိုရှင်းပြရမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် ဒီအသင်းက အမြဲတမ်း အထူးစပယ်ရှယ် ဖြစ်နေမယ့် ကလပ်တစ်ခုလို့ သေချာပေါက် ထင်ပါတယ်။ တစ်နေ့နေ့မှာ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းနဲ့ အဆုံးသတ်ဖို့ ပြန်ရောက်ဖို့ အခြေအနေတစ်ခုကို ထပ်ကြိုးစားဖို့ အခွင့်အရေးရချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။