ပီအက်စ်ဂျီအသင်းနည်းပြ မာရီစီယိုပိုချက်တီနိုက ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်း ရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဆုဖလားဖြစ်တဲ့ လီဂူးအမှတ်ပေးချန်ပီယံ ဆုဖလားဟာ ရည်မှန်းချက် ကြီးမားတဲ့ ပီအက်စ်ဂျီလို အသင်းမျိုးအတွက်ရော သူတို့အားလုံးအတွက်ပါ လုံလောက်မှု မရှိဘူးလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

PSG win 2021/22 Ligue 1 title

Photo Credit : 90Min

ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဂူးအမှတ်ပေး ချန်ပီယံဆုဖလားကို ဘောလုံးရာသီ မကုန်ဆုံးခင်မှာပဲ သိမ်းပိုက်ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့်တွေနဲ့သာ ကျေနပ်ထားခဲ့ရသလို ပြင်သစ်စူပါဖလားပွဲစဉ်မှာလည်း လိုင်လီကို ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။ ဒီလို ဆုဖလားတစ်လုံးတည်း ရယူနိုင်ခဲ့ခြင်းက အသင်းအတွက် လုံလောက်ခြင်း မရှိပေမယ့်လည်း အသင်းက ကြီးမားတဲ့ ရည်မှန်းချက်တွေကို ပုံဖော်နိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်မှာတော့ ရှိနေသေးကြောင်း နည်းပြပိုချက်တီနိုက အခိုင်အမာ ယုံကြည်နေပါတယ်။

Photo Credit : Goal

အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ကြီးတွေက ပဲရစ်စိန့်ဂျာမိန်းလို အသင်းတစ်သင်းမျိုးမှာ အမြဲတမ်း ရှိနေပါတယ်။ အရေးအကြီးဆုံးအရာကတော့ တစ်ခုခု ထူးထူးခြားခြား ဖြစ်လာဖို့အတွက် ကြိုးစားတည်ဆောက်ရပါမယ်။ နောက်တစ်ခုကတော့ အတွေ့အကြုံတွေကနေ ပြန်လည်သင်ယူနိုင်ဖို့ပါ။ ဒီဘောလုံးအသင်းကလည်း နိုင်ပွဲတွေ ရယူနိုင်ဖို့အတွက် တည်ဆောက်ထားတာပါ။ ပဲရစ်စိန့်ဂျာမိန်းလို ကလပ်အသင်းမှာ ရည်မှန်းချက်တွေ အရမ်းကြီးမားလွန်းနေတာကြောင့် လီဂူးဆုဖလားကို ရယူနိုင်ခဲ့တဲ့ အချိန်မျိုးမှာတောင် လုံလောက်ပုံ မပေါ်တာကြောင့် ဒါက ခက်ခဲပါတယ်။ ဒီဆုဖလားတစ်ခုတည်းက ကျွန်တော်တို့အတွက်လည်း မလုံလောက်တာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ကလည်း ဝင်ရောက်ဆင်နွဲခွင့်ရတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ အောင်ပွဲတွေ ရယူချင်ပါတယ်” လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ပိုချက်တီနိုအနေနဲ့ ဒီရာသီမှာ အသင်းအတွက် လီဂူးဖလားသာ ရယူပေးနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေပြီး ပီအက်စ်ဂျီကတော့ ပိုချက်နေရာမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြဇီဒန်းနဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။