ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ပိုချက်တီနိုက ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ သူ့ရဲ့ ချယ်လ်ဆီးကို ယခင် ခေတ်ဟောင်းချယ်လ်ဆီးနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်သင့်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးကို ၉လကျော် ကိုင်တွယ်ခဲ့ပေမယ့် အခုချိန်အထိ အသင်းနဲ့ လိုက်ဖက်တဲ့ ကစားကွက်ကို မချပြနိုင်သေးသလို အတည်တကျ ပွဲထွက်လူစာရင်းကိုလည်း မထုတ်သုံးနိုင်သေးပါဘူး။

Photo Credit: Goal

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ယခင်လို ကြယ်ပွင့် ကစားသမားတွေကို မခေါ်တော့ပဲ လူငယ် ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူထားတာကြောင့် ယခု ချယ်လ်ဆီးမှာ လူငယ် ကစားသမား အများအပြား ရှိနေပြီး ကစားသမား အများစုက ခြေစွမ်းခြေစ သိပ်မကွာတာကြောင့်ပဲ ပိုချက်တီနိုက ဘယ်သူ့ကို ပွဲထုတ်မယ် ၊ ဘယ်သူ့ကို အရန်ခုံ ထိုင်ခိုင်းမလဲ စတာတွေကို ခက်ခက်ခဲခဲ အဖြေရှာနေရပါတယ်။

ပွဲထွက်လူစာရင်း အတည်တကျ မရှိမှုနဲ့ လိုက်ဖက်တဲ့ ကစားကွက် ၊ ကစားဟန် မရှိမှုကြောင့် ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၂၆ပွဲ ကစားထားရာ ၁၀နိုင် ၊ ၆ပွဲသရေ ၊ ၁၀ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ ရမှတ် ၃၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Mirror

အမှတ်ပေးပြိုင်ပွဲမှာ ရပ်တည်မှု ဆိုးရွားနေတာကြောင့်ပဲ ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၂-၂ ချယ်လ်ဆီး ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးရဲ့ ပရိသတ်တွေက ပိုချက်တီနိုနဲ့ လက်ရှိပိုင်ရှင် တော့ပ်ဘိုလေတို့ကို အလိုမရှိပဲ နည်းပြဟောင်း မော်ရင်ဟိုကို ပြန်ခေါ်ပေးဖို့ အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။

ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ နယူးကာဆယ် ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာတော့ ပိုချက်တီနိုက ခေတ်စနစ်တွေ မတူတော့တာကြောင့် သူ့ရဲ့အသင်းကို ခေတ်ဟောင်း ချယ်လ်ဆီးနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်စေချင်ကြောင်း ဆိုလာပါတယ်။ ပိုချက်တီနိုက – “အခုချိန်မှာ အသင်းက မတူညီတဲ့ ပေါ်လစီ တခုနဲ့ ရှေ့ဆက်နေတာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ချယ်လ်ဆီးက ခေတ်ဟောင်း ချယ်လ်ဆီးနဲ့ မတူညီပါဘူး။ တကယ်လို့ ခင်ဗျားတို့ကသာ ကျွန်တော်တို့ရဲ့ လက်ရှိချယ်လ်ဆီးကို ခေတ်ဟောင်း ချယ်လ်ဆီးနဲ့ နှိုင်းယှဉ်နေဦးမယ် ဆိုရင် ဘယ်သူကမှ ချယ်လ်ဆီးကို အောင်မြင်မှုတွေ ရအောင် ပြန်ယူပေးနိုင်တော့မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။