ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) အဖြစ် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တည်ငြိမ်မှု အားနည်းနေပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ ပွဲတွေမှာ ခြေစွမ်းရော ၊ ရလဒ်ပိုင်းပါ ကောင်းမွန်တတ်ပြီး ယနေ့မနက်မှာလည်း မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သရေရလဒ် ထွက်ပေါ်အောင် ယှဉ်ပြိုင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ စီးတီးက ချန်ပီယံဆု အတွက် မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေတာကြောင့် ချယ်လ်ဆီးဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ချယ်လ်ဆီးကတော့ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်တွေနဲ့ မန်ချက်စတာ စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ဘောလုံးပိုင်ဆိုင်မှုရော ၊ ကန်ချက်တွေပါ အသာစီး ရရှိခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ ကစားကွက်ကလည်း အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၄၂မိနစ်မှာ စတာလင်းက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာ စီးတီး အတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲချိန် ၈၃မိနစ်မှာ ရိုဒရီက သွင်းယူပေးခဲ့တာပါ။

Photo Credit: BBC

မန်ချက်စတာ စီးတီး ၁-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက မန်ချက်စတာ စီးတီးလို ကမ္ဘာ့အကောင်းဆုံးအသင်းကို ယှဉ်ကစားနိုင်ခဲ့လို့ သူတို့အသင်းရဲ့ ကစားပုံပိုင်းနဲ့ စိတ်ဓာတ်ပိုင်း အတွက် အလွန် အားရကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်းကောင်းပါတယ်။ အဲ့ဒီအတွက် အရမ်း ကျေနပ်မိပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ စိတ်ဓတ်က ကျွန်တော်တို့တွေ အမြဲတမ်း ပြသချင်ခဲ့တဲ့ စိတ်ဓာတ်မျိုးပါ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ကစားခဲ့သလိုမျိုး ကစားပြနိုင်ဖို့ ကြိုးစားနေတာပါ။ မန်ချက်စတာ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်းကို သူတို့ရဲ့ ကစားပုံက သက်သေပြခဲ့ပါတယ်။ ဒါကြောင့် စီးတီးကို သရေကစားနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့က ဂုဏ်ယူဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေက သတ္တိအပြည့်နဲ့ ကစားခဲ့ကြတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။